Sunday, December 29, 2013
အလွမ်းနိမိတ်
ဆရာသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူထက်အများကြီးငယ်တဲ့ ဆရာမတစ်ယောက်ကို ချစ်ခဲ့
သူဖြစ်ပါတယ်။ တစ်ဖက်သတ်ချစ်သူအဖြစ် ချစ်ခဲ့ပြီး ဇန်န၀ါရီလ ကျောင်းကဗန်ဒါပင် အရွက်တွေကြွေ
ပြီဆို သူချစ်ရတဲ့ဆရာမလေးနဲ့ နေ့တိုင်းမတွေ့ရတော့မယ့် နွေရက်ကိုနီးပြီ ဆိုတာသိလို့ သူက
နွေကို မုန်းတယ်လို့ ဆိုခဲ့ဖူးပါတယ်။ သူ့ကိုယ်စား စပ်ဆိုမိတာပါ။
လေးစားလျက် - မှိုင်း(ဓာတု) ၂၈.၁၂.၁၃
Friday, December 20, 2013
ရလဒ်ကောင်းတစ်ခု
မီး ဘေးရန်စွယ် အန္တရာယ်ကို
သတ် မယ်ငြိမ်းရန် ဇွဲစိတ်မာန်နှင့်
တပ် ဟန်စုတည် အင်အားချီခဲ့
ဖွဲ့ သည်စိတ်ထား စွမ်းပကားဖြင့်
ဝင် နားရိပ်ခို ရဲဘော်ပျိုနု
တို့ ကြိုဆိုလှမ်း အနာဂတ်လမ်းမ
အား လွှမ်းရဲရင့် စည်းကမ်းဖြင့်မော်
မာန် တင့်ညီညာ ကိုယ်ကျန်းမာ၍
ဝေ ဆာဖျတ်လတ် လျင်မြန်ချက်နှင့်
ဖြာ သက်တည်ကြည် မနောပီသ
မြန် ပြည်တစ်လွှား သစ္စာများဖြင့်
ပြည် သားကောင်းကျိုး တို့သယ်ပိုးမည်
သာ ဖြိုးငြိမ်းစေ တောင်းဆုချွေ။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
၁၀.၁၂.၁၃တွင် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှူး မေတ္တာရပ်ခံ
ချက်အရ ခံစားစပ်ဆိုခြင်းဖြစ်ပါသည်။
စင်္ကာပူနိုက်ကလပ်အတွေ့အကြုံ နဲ့ ယနေ့မြန်မာ့ယဉ်ကျေးမှုဝေဒနာ
နိုင်ငံတော်က စေလွှတ်လို့ ပြည်နယ်နဲ့တိုင်းများက မြန်မာလူငယ်ကိုယ်စားလှယ်များ
(30th SSEAYP 2003) ကို ၂၀၀၃ ခု စက်တင်ဘာလ (၉)
ရက် အင်္ဂါနေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စင်္ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ ချန်ဂီလေဆိပ်ကို ရောက်ရှိကြပါတယ်။ကျွန်တော်လည်း အဖွဲ့ဝင်တစ်ဦး အနေနဲ့ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နဲ့ အာဆီယံ(၁၀)နိုင်ငံဖြစ်တဲ့ မြန်မာ၊ ဂျပန်၊စင်္ကာပူ၊ထိုင်း၊မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်လော၊ကမ္ဘောဒီးယား၊ ဘရူးနိုင်း၊ဗီယက်နမ်
နိုင်ငံများမှ လူငယ်ကိုယ်စားလှယ်သုံးရာကျော် ပါဝင်ပါတယ်။အစီအစဉ်တွေ ကို ၁၀ ရက်နေ့မှာ စတင်မှာဖြစ်တာကြောင့် နဲ့ ၁၁နိုင်ငံကလူငယ်တွေအတွေ့အကြုံရရှိအောင်လားတော့မသိပါ။
ရောက်တာနဲ့ home stay အိမ်များမှာ အနားယူဖို့ စီစဉ်ပေးပါတယ်။ ကျွန်တော်ရယ် ဖိလစ်ပိုင် လူငယ်တစ်ဦးရယ် စင်္ကာပူ နိုင်ငံက မိသားတစ်စုထံမှာ နေခွင့်ရခဲ့ပါတယ်။ ထုံးစံအရ တကယ့်မိသားစုဝင်လို ဆက်ဆံကြတဲ့အတွက် စင်္ကာပူမိသားစုနဲ့ ခဏချင်းမှာဘဲ ရင်းနှီးသွားကြပါတယ်။
ညဘက်ရောက်လာတာကော မနက်ကတည်းက ရန်ကုန်ကနေစထွက်လာတာကြောင့် အနည်းငယ်
ပင်ပန်းနေပေမယ့် ကျွန်တော်နဲ့အတူပါလာတဲ့ ဖိလစ်ပိုင်လူငယ်ရဲ့ အပြောကောင်း
တောင်းဆိုမှုကြောင့် home stay အစ်ကိုနဲ့ ညီမက night club ကိုလိုက်ပို့ကြပါတယ်။
home stay အစ်ကိုက အေးအေးဆေးဆေးနေချင်ပြီး သိပ်ဆန္ဒရှိပုံတော့မရပါဘူး။ ဒီလိုနဲ့
ရောက်ရှိခဲ့ကြပါတယ်။ သူတို့အစိုးရက တရားဝင်ခွင့်ပြုမထားဘူးလို့သိရပါ
တယ်။ ဒါပေမယ့် ပြဿနာမဖြစ်အောင် ထိန်းသိမ်းတဲ့ အန္တရာယ်ဖြစ်စေတဲ့ ဒုတ်၊ဓား၊အချွန်အထက်
ပစ္စည်းမယူလာခိုင်းတာတွေ ကင်မရာ မပါဖို့ရယ်တွေကိုတော့အင်မတန်
ကန့်သတ်ထားတာတွေ့ရပါတယ်။
ဟိုရောက်တော့ နိုက်ကလပ်ထုံးစံအတိုင်း ပျော်တာပါးတာ ကတာတွေ၊ အဖော်အချွတ်တွေ၊
ဝတ်စားထားတာတွေ အစုံအလင်ကို စတင် မြင်သိကြားတွေ့နေရတာပါဘဲ။ ဖိလစ်ပိုင်လူငယ်
နဲ့ homestay ညီမကတော့ ကဖို့ပျော်ဖို့ သောက်ဖို့စသဖြင့်လည်ဖို့ ပြောတဲ့အခါ
ကျွန်တော်က အအေးဘဲသောက်ပြီး ဘာမှမလုပ်ချင်ကြောင်းပြောတဲ့အတွက် homestay
အစ်ကိုကလည်း ကျွန်တော့်လိုနေတာသဘောတူပြီး အရက်ဆိုင်မှာ အအေးအတူသောက်ရင်း
ထိုင်နေကြပါတယ်။
ကျွန်တော်တို့ SSEAYP အစီအစဉ်နဲ့ လိုက်ပါမယ် စင်္ကာပူလူငယ်တော်တော်များများနဲ့ (၁၁)
နိုင်ငံက လူငယ် အမျိုးသားအမျိုးသမီး အချို့ကိုလည်း တွေ့နေရပါတယ်။ ကျွန်တော်တို့ မြန်မာ
အဖွဲ့တွေ တွေ့ရမလား ရှာမိသလို ပါလာတဲ့မြန်မာညီမလေးတွေကို မတွေ့ချင်ခဲ့ရိုးအမှန်ပါ။
လျှပ်ပေါ်လော်လီတဲ့ အ၀တ်အစားတွေ အနေအထိုင်တွေနဲ့ ဖိုမသွေးကြွပြီး ပြဿနာတွေကို
ဖိတ်ခေါ်နေတဲ့ ကာမဂုဏ်အာရုံအပျော်အပါးလွန်ဖို့ ဖန်တီးထားတဲ့နေရာတစ်ခုကို မလာစေချင်
ခဲ့ပါဘူး။ ကျွန်တော်လို အေးချမ်းစွာ နေချင်တဲ့ယောက်ကျားတစ်ယောက်တောင် လုံးဝလာချင်စိတ်
မရှိပါဘူး။ လူမှုရေးအရ လိုက်ခဲ့ရပေမယ့် မပျော်ရိုး အမှန်ပါ။
ထင်တဲ့အတိုင်းဘဲဖြစ်လာခဲ့ပါတယ်။ မြန်မာညီမငယ် တစ်ယောက် အမောတကော ကြောက်အား
လန့်အားနဲ့ အပြေး ကျွန်တော့်ဆီ ရောက်လာတာတွေ့ရပါတယ်။ ပြီးတော့ စကားများကို အဆက်
မပြတ်ပြောပါတော့တယ် သူနဲ့ .............. နိုင်ငံက အမျိုးသမီးများ အတူ homestay နေရကြောင်း
ရောက်ရောက်ချင်းဘဲ သူတို့အဆက်အသွယ်နဲ့သူတို့ ဒီကို ခေါ်လာကြောင်း ဒီရောက်တော့ ဒီက
အခြေအနေကို တွေ့ရတာကော ဆက်ဆံခံရတဲ့အခြေအနေအရ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီ
တဲ့အတွက် ကြောက်ရွံ့ကြောင်း ၊ သူတို့လို မနေနိုင်ကြောင်း homestay အိမ်အမြန်ပို့ပေးဖို့ပြော
ပါတော့တယ်။ သူ့နောက်မှာလည်း ကျားလိုက်လာသလို သူ့နဲ့အတူတည်းနေရတဲ့SSEAYP နဲ့
လိုက်ပါမယ့် နိုင်ငံခြားသူတွေနဲ့ နိုင်ငံခြားသား ယောက်ကျားသားတွေ။သူ့ကို အတင်းဆွဲခေါ်ပြီး
သွားမယ့်ပုံတွေ။ ကြောက်ရွံ့နေတဲ့ ၊ ယနေ့ဝတ်စားထားတဲ့ မြန်မာချိတ်ထမီနဲ့ယူနီဖောင်းတောင်မလဲဘဲ
လိုက်လာခဲ့ရတဲ့ မြန်မာဆန်တဲ့ယဉ်ကျေးတဲ့ ညီမငယ် ကို ကြည့်ပြီး ပြတ်သားစွာ ကူညီပေးရပါတော့
တယ်။ အတူထိုင်နေတဲ့ စကားအတန်အသင့်ပြောပြီးလို့ စိတ်ချယုံကြည်ရတဲ့အခြေအနေရှိနေပြီ
ဖြစ်တဲ့ home stay အစ်ကို စင်္ကာပူကို အကူအညီတောင်းလို့ ညီမရဲ့ home stay အိမ်ကို
လုံခြုံစွာရောက်ဖို့ ကူညီပေးလိုက်ပါတယ်။ ကူညီလိုက်ပြီးမှ ဘဲ ရင်ထဲကအပူတွေ ငြိမ်းခဲ့ရပါတယ်။
ကိုယ့်နိုင်ငံအတွက်ပါ တာဝန်တစ်ခုကျေပွန်သလိုခံစားခဲ့ရပါတယ်။အဲ့ဒီညီမငယ်က မှော်ဘီမြို့နယ်
ကပါ။ မြန်မာပြည်ပြန်ရောက်လို့ အချိန်များစွာ ကြာတာတောင် သူ နဲ့ကျွန်တော် မိုင်ထောင်ချီ
ဝေးနေပေမယ့် သူနိုင်တဲ့ လက်ဆောင်လေးတွေ လူကြုံနဲ့ အမှတ်တရ ပေးရှာပါတယ်။
အဲ့ဒီ ခရီးစဉ်တစ်လျှောက်မှာလည်း မြန်မာညီမငယ်များဆီက နိုင်ငံခြားသူတွေရဲ့ မရှက်မကြောက်
နေတတ်လို့ မိန်းကလေးချင်းတောင် မျက်နှာချင်းမဆိုင်ချင် ၊အတူမနေချင်လောက်အောင်ဖြစ်ကြ
ရတဲ့ အခြေအနေမျိုးတွေကို သိခဲ့ရပါတယ်။ကျွန်တော်တို့ မြန်မာလူငယ်အမျိုးသားတွေလည်း
မြန်မာလူငယ်အမျိုးသမီးငယ်တွေကို ခရီးစဉ်တစ်လျှောက် ကူညီခဲ့ကြပါတယ်။ နိုင်ငံခြားသားနဲ့
အတူနေ အတူသွားအစီအစဉ်တွေပါတဲ့အတွက် သတိထားဖို့လိုတာတော့အမှန်ပါ။
အခု ကျွန်တော်အဓိက တင်ပြချင်တာက ကျွန်တော်နိုင်ငံခြား ခရီးစဉ်သွားတုန်းက အွန်လိုင်းအသုံးပြု
တာကို ကျွန်တော်ကောင်းစွာ မကျွမ်းကျင်သေးပါဘူး။၂၀၀၄ မှ အင်တာနက်ကိုစတင် သုံးစွဲတတ်
တာပါ။အင်တာနက်ဗဟုသုတတွေအရကော ၊ ယနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ မြန်မာမိန်းကလေး
တွေရဲ့ နေထိုင်ပြုမူပြောဆိုနေထိုင်ကြတာကို ကြည့်ရတာ ခုနက တင်ပြခဲ့တဲ့ ကျွန်တော်ကြုံခဲ့ရတဲ့
မြန်မာ မိန်းကလေးရဲ့ ခံစားမှုတွေ ယနေ့မြန်မာမိန်းကလေးတွေ ရှားသွားပြီလားလို့ စိုးရိမ်ရ
မလောက်အောင် ဖြစ်နေသလားလို့ပါ။
ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ကတော့ မြန်မာမိန်းကလေးတွေ အရှက်အကြောက်တရား
ရှိတဲ့ သိက္ခာပြည့်ဝပြီး သိမ်မွေ့တဲ့သူတွေအဖြစ် ကိုယ့်နိုင်ငံ ဂုဏ်ဆောင်ပြီး တွေ့ချင်မိတာအမှန်ပါ။
ယနေ့မြန်မာမိန်းကလေးတွေ နှစ်ထောင်နဲ့ချီပြီး ထိန်းသိမ်းလာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ငြိမ်းချမ်း
တည်ငြိမ်တဲ့ နေထိုင်ခံယူမှုတွေကို စောင့်ထိန်းစေချင်ပါတယ်။ ယနေ့လူကြီးတွေ ဆုံးမလမ်းပြပေးဖို့
လည်း တာဝန်တစ်ခုဖြစ်ပါတယ်။ ယနေ့မြန်မာလူငယ်တွေ အတုခိုးမမှားစေဖို့ ဆုတောင်းရင်း
အမိမြန်မာနိုင်ငံတော်အတွက် ဒီစာကိုရေးသားရခြင်းဖြစ်ကြောင်း တင်ပြလျက် နိဂုံးချုပ်အပ်ပါတယ်။
မြတ်မျိုးမြင့်မာန်
Saturday, July 20, 2013
နုအလွမ်း
* ပြန်လာချင်တယ်
ပြောသည် နုစကား
အကျွန့်နားမှာ
ပျားသကာမို့
အလွမ်းတွေသို့။ ။
* ပိုချစ်နေမယ်
ပြောသည် နုစကား
ရင်မှာထားသို
တမ်းတပိုဖြစ်
လွမ်းတယ်အချစ်။ ။
* အားကိုးယုံကြည်
ပြောသည် နုစကား
အကျွန့်နားမှာ
အကြင်နာကရု
ရင်မှာစုခဲ့။ ။
* ဆုမတောင်းလည်းပြည့်နေတယ်
ချစ်သူချစ်နေမယ်
ဆုမတောင်းလည်းပြည့်နေတယ်
ချစ်သူလွမ်းနေမယ်
ပြောသည်သူ့စကား
အကျွန့်အပါးမှာ
နုလာနားသလား
တွေးေ၀၀ါးဆဲ။
* ချစ်တာပေါ့လို့
အခါခါဆို
အလှတွေစု
ချစ်သူနုကို
ဒါလင်လေ
အစဉ်လွမ်းခြင်း
တမ်းတရင်းပေါ့။
စိုင်းမြင့်ဝင်းလှ(တာချီလိတ်)
(၂၀.၇.၂၀၁၃) တွင် ခံစား စပ်ဆိုပါသည်။
Friday, July 19, 2013
မြတ်ဆုတောင်း
တာ ချီလိတ်မြို့ ရင်ထဲသို့ဝင်
ချီ စို့ အမြင့်သို့ အံ့လောက်မို့ပင်
လိတ် ဟုခေါ်တွင် ဟိုယခင်က
မြို့ မယ်ဇလီ ဒို့ဌာနီကို
နယ် လုံးနှံ့မျှ ပညာရဖို့
စာ နယ်ဇင်းဖွဲ့ ပေါင်းစုရပ်တည်
ရေး ကြသည်မှာ ယခုကာလ
ဆ ရာစုံညီ ကြိုးစားပြီမို့
ရာ ထောင်သောင်းမျှ တိုးပွားပညာ
အ သိဖြာခဲ့ ရုံးမြေ ဖွင့်လှစ်
သင်း တင့်ခဲ့ပြီ ပန်းတိုင်ဆီသို့
တိုး တက်ပါစေ တောင်းဆုချွေလျက်
တက် လမ်းသို့ချီ သွားကြမည်ဟု
ပါ ၀င်ဆုတောင်း မေတ္တာပေါင်းနှင့်
စေ ကြောင်းရင်မှာ မျှော်လင့်ပါ၏ ။ ။
စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)
စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားနေကြသော တာချီလိတ်မြို့နယ်စာရေးဆရာအသင်းအား ဂုဏ်ပြုသောအားဖြင့် ၂၀.၇.၂၀၁၃ တွင် အွန်လိုင်းတွင် စပ်ဆို ဆုတောင်း တင်ပြသည်။
Wednesday, April 24, 2013
အလွမ်းသင့် နှလုံးသား (၁)
@ နွေဥသြသံ လွမ်းချင်းပန်သ
ဂိမ္မာန်ညမှာ တမ်းတစိတ်ကူး
ချစ်သူရူးဆဲ ....................
ကဗျာထဲမှာ မင်းနဲ့ငါ။
@ ရင်ခုန်တဲ့အသံ စမ်းသပ်ညံကြ
ဂိမ္မာန်ညမှာ အွန်လိုင်းတွေကြား
ပြေးကစားဆဲ ....................
စာသားထဲမှာ မင်းနဲ့ငါ။
@ ပြန်ဆုံမယ့်ဟန် တွေးမိပြန်က
ဂိမ္မာန်ညမှာ လေပြေအလား
အေးချမ်းသွားဆဲ ...............
ပီတိထဲမှာ မင်းနဲ့ငါ။
မှိုင်း(ဓာတု)
ချစ်သူရူးဆဲ ....................
ကဗျာထဲမှာ မင်းနဲ့ငါ။
ပြေးကစားဆဲ ....................
စာသားထဲမှာ မင်းနဲ့ငါ။
အေးချမ်းသွားဆဲ ...............
ပီတိထဲမှာ မင်းနဲ့ငါ။
မှိုင်း(ဓာတု)
(၂၄.၄.၂၀၁၃) စပ်ဆိုပြီးစီးပါသည်။ အွန်လိုင်းဖြင့် ဆက်သွယ်ကြရသော အချစ်စစ်ဖြင့်ချစ်ကြသည့်
အဝေးရောက်ချစ်သူများအတွက် အမှတ်တရ စပ်ဆိုပါသည်။
Sunday, April 14, 2013
မချစ်ရတော့ဘူးလားလို့ ..... ချစ်သူရယ်
သမုဒယနဲ့ ၀င်းပတဲ့ မျက်လုံးအစုံ
ဆုံမိတဲ့ အခိုက်အတန့်မှာ
ခုန်မိခဲ့ နှလုံးသားဝေဒနာ
ဒုတိယမ္ပိ နိုးထအလာ။
အယုအယနဲ့ ချစ်သူ့ရဲ့ စကားလုံးပုံလွှာ
ကြုံမိတဲ့ အခိုက်အတန့်မှာ
ယုံမိတဲ့ နှလုံးသားရင်မှာ
ဒုတိယမ္ပိ နိုးထအလာ။
တစ်နေ့ကပေါ့ တွေ့ရတဲ့
အဖြစ်လေး တစ်စုံတစ်ရာ
စိမ်းကားမလား ချစ်သူ့ အမူအရာ
ကြုံမိတဲ့ အခိုက်အတန့်မှာ
မချစ်ရဲတော့ဘူးလား .........
ကိုယ့်သောကဝေဒနာ
အချစ်ဆူးကြောင့် ....
ရူးခဲ့ပြန်ပြီ တစ်ခါ။
အခုကျတော့ ချစ်သူ့အဖြေလွှာ
ဖြေရှင်းခဲ့ ........................
မစိမ်းကားတဲ့ အရိပ်ပြ အကြင်နာ
တိုးမြှင့်ပေါ့ ချစ်သူ့ အကြင်နာ
မချစ်ရဲဘူး နောက်လှည့်ဖို့ ကိုယ့်စိတ်တွေဟာ
သိပ်ချစ်လို့ ......
မေ့ပစ်ပေါ့ ........ တစ်နေ့က ဝေဒနာ။
မှိုင်း (ဓာတု)
၁၅.၄.၂၀၁၃ တွင် အပြီးသတ်ရေးစပ်ပြီးစီးသဖြင့် တင်ပြသည်။
Sunday, April 7, 2013
ဥယျာဉ်မှူး ၏ မှာတမ်း
၂၀၀၉ခုနှစ်တွင် ထုတ်ဝေခဲ့သော တာချီလိတ်မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ရွှေတြိဂံမဂ္ဂဇင်း တွင်
ဖေါ်ပြပါရှိခြင်းအား တင်ပြခြင်းဖြစ်ပါသည်။
မျိုးမြန်မာမော်ကွန်း(၁)
*** မျိုးချစ်စိတ်ဖြင့် မော်ကွန်းဆင့်ခဲ့
စဖြစ်တည်လာ မျိုးမြန်မာ
*** မယ်ဇလီရိပ် တာချီလိတ်၌
ချွေးသိပ်ကွန်းခို လူငယ်ပျိုနု
စာဆိုစုဆုံ ပညာစုံနှင့်
မဆုံးသုတ ဖြန့်နိုင်ကြမည်
မျှော်ရခါခါ မျိုးမြန်မာ။
*** ဖတ်သူ့ရင်ထဲ ၀င်လာသဲသဲ
မစဲသုတ ပေးဝေငှမည်
စိတ်ကခိုင်မြဲ ဖြန့်ချီဇွဲနှင့်
ရဲရဲချီတက် စွမ်းဆောင်ချက်ဖြင့်
သွက်လက်ခိုင်မာ မျိုးမြန်မာ။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
၂၈.၁၀.၁၂ မျိုးမြန်မာစာစောင် အတွဲ(၄) အမှတ်(၁၄)တွင်ဖော်ပြပါရှိပြီးဖြစ်ပါသည်။
တာချီလိတ်မြို့နယ်တွင် မျိုးမြန်မာစာစောင်အား မွန်မြတ်သောစိတ်ဓာတ်ဖြင့်ဆောင်ရွက်ကြသည့်
စာပေနှင့်စာနယ်ဇင်းမှ စာရေးဆရာများ၊ယခုဆက်လက်ကြိုးစားဆောင်ရွက်နေကြသော စာရေးဆရာအသင်း မှ ပညာရှင်အားလုံးတို့အား ဂုဏ်ပြုစပ်ဆိုခဲ့သည်။
ပြည်ထောင်စု၏ရလဒ်များ
မြန်မာဟူသည် .............
အစဉ်အလာ လွန်ခိုင်မာ၍
စုကာစည်းလုံး ညီညွတ်ပြုံးရွှင်
နှလုံးဘ၀င် ကြည်ကြည်လင်လင်
တိုင်ပင်နှီးနှော စုစည်းသောစိတ်
ညီသောစိတ်ကြောင့် ...........
ပင်လုံဒေသ ထိုဒေသ၌
ညီနောင်တိုင်းရင်း ဆွေမျိုးရင်းချာ
စုစည်းကျစ်လစ် ညီညွတ်ဖြစ်တည်
တိုင်းမြန်ပြည်တွင် ထာဝရမမေ့
ပြည်ထောင်စုနေ့ပေါ်လာသည်။
အတိတ်ကလမ်း ..........
အတိတ်က တံတား ...............
အတိတ်က ကျောင်း .....................
အတိတ်က အကြောင်းအရာ
ခုနေအခါမှာ ...........................
ယခင်နှင့်ကွာ အတိတ်မှာကျန်
အိပ်မက်ပမာ ဖြစ်နေပါပြီ
ယနေ့မြန်မာ တို့ပြည်သာဝယ်
လမ်းရွာတံတား ကျောင်းပေါင်းများစွာ
စွမ်းအားမြင့်မြင့် တိုးတက်ခေတ်မီ
ခေတ်သစ်ဆီသို့ အတိတ်နဲ့ကွာ
လှမ်းနိုင်ပါပြီ ကြောင်းချင့်သီကာ
တွေးမျှော်ပါရ ...............
ပြည်ထောင်တိုင်းရင်း ညီညာခြင်းကြောင့်
ငြိမ်းချမ်းတို့ပြည် သာလေသည်တည်း။
စိုင်းမြင့်ဝင်းလှ (တာချီလိတ်)
၁၂.၂.၂၀၁၀ ရက်နေ့ထုတ် မျိုးမြန်မာစာစောင် အတွဲ(၅)အမှတ်(၁၁)တွင်ပါရှိပြီးဖြစ်ပါသည်။
ညီညွတ်စို့
ညီညွတ်စို့
ပင်လုံအသိ တို့တွေရှိ၍
အတိရင်မှာ စည်းလုံးစွာနှင့်
ခိုင်မာလက်တွဲ ညီနောင်ဇွဲဖြင့်
မြဲမြဲရှေ့သို့ ချီတက်စို့ဟု
တို့များကျူးရင့်လိုက်ချင်သည်။
တိုင်းရင်းသားစုံ မြန်မာ့ဘုံမှာ
စိတ်လုံငြိမ်းချမ်း အနာငတ်လမ်းထက်
လှမ်းတက်ခေတ်မီ နိုင်ငံဆီသို့
မြန်းချီကြိုးစား လူထုအားဖြင့်
တို့များလျှောက်လှမ်းလိုက်ချင်သည်။
ပြောချင်ဆန္ဒ တင်ပြရပြီ
ပြုချင်ဆန္ဒ တင်ပြခဲ့ပြီ
ကဗျာဆီက စုစည်းညီညာ
တိုင်းပြည်သာဖို့ ...........
တို့တွေညီညွတ်ကြပါစို့။
စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)
စေတနာမွန်ဖြင့် (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အားဂုဏ်ပြုစပ်ဆိုပါသည်။
၂၀၁၁ခု ဖေဖော်ဝါရီလထုတ် မျိုးမြန်မာစာစောင်တွင် ဖော်ပြပါရှိပြီးဖြစ်ပါသည်။
တိုက်ဖျက်စို့
လာအိုမြန်မာ ထိုင်းနယ်လာဆုံ
ညိုပြာတောတန်း ဟိုဒီမှန်းဆ
ကိုယ်တမ်းတသည် အရှေ့ဆီက
တာချီလိတ်ခေါ် ရွှေမြို့တော်ကို
ရမ်းရော်တွေးနေ အတိတ်မြေသို့
ပြန်ပြောင်းတွေးမြင်မိလေသည်။
ဟိုယခင်က ဒီဒေသမှာ
ဘိန်းမှရစေ ဘိန်းမဲတွေနှင့်
ဘိန်းလေပွေရိုင်း ဘိန်းမှောင်လှိုင်းကြား
နေစဉ်မျောနေ တိုင်းရင်းဆွေတို့
ပျက်ကြေမြေခခဲ့ကြသည်။
ထိုအချိန်၌ ..........
တပ်နှင့်ပြည်သူ ၀ိုင်းကာကူညီ
ဘိန်းသူရန်ဆိုး တိုက်ဖျက်ကြိုးစား
လှုပ်နှိုးစည်းရုံး ဖယ်ရှားဆုံးထိ
အမုန်းမီးလျှံ စုစည်းမာန်နှင့်
တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။
ဟိုယခင်က ဒီဒေသမှာ
ရာဘဆေးပြား ကာလသားတို့
လားလားမခင် မတွေ့မြင်ဘူး
စိတ်ထင်နှင့်သာမူးခဲ့သည်။
အတိတ်ဆယ်စု ကိုးဆယ်ခုကျော်
ဝင်လာရာဘ ဆေးပြားစတင်
သုံးကြပြန်စဉ် စိတ်ဘ၀င်၌
စွဲမက်စိတ်ပြောင်း သူအပေါင်းသည်
ထပ်လောင်းမူးယစ်ခဲ့ပြန်သည်။
နှစ်ထောင်ကျော်လာ ခြောက်ခုပါလွန်
ချိန်ခါခုနှစ် ကာလသစ်မှာ
တပ်နှင့်ပြည်သူ ရဲပါကူလို့
စုယူပေါင်းစည်း မူးယစ်မီးကို
အနီးပူးကပ် နိုင်အောင်သတ်ဖို့
စုပေါင်းတိုက်ဖျက်ကြပါစို့။
မြတ်မျိုးမြင့်မာန်
၂၀၀၆ခု အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုပပျောက်ရေးနေ့မြို့နယ်အဆင့်
ကဗျာပြိုင်ပွဲ ဆုရကဗျာဖြစ်ပါသည်။
တာလေငလျင် (၂)နှစ်ပြည့် သတင်းဆောင်းပါး
၅.၃.၂၀၁၁ မနက်(၆)နာရီ မှာ ရန်ကုန်မှာ ပညာရေးဌာနအလုပ်ရုံဆွေးနွေးပွဲတက်နေတဲ့ ကျွန်တော့်ကို တာချီလိတ်က တပည့် တစ်ယောက်က ဖုန်းနဲ့ တာလေမှာ ညက အကြီးအကျယ် ငလျင်လှုပ်တယ်လို့ အကြောင်းကြားပါတယ်။
တာလေက မိမိအသိမိတ်ဆွေ မိဘပြည်သူတွေ အတွက်ကော မိုင်းဖုန်း အိမ်မှာ ကျန်ခဲ့တဲ့မိသားစု အတွက်ပါ စိတ်ပူမှုက ချက်ချင်းရင်ထဲမှာ ပြင်းထန်စွာ
ဖြစ်ပေါ်လာတာနဲ့ ဖုန်းဆက်ရပါတော့တယ်။ အသိဌာနဆိုင်ရာ အကြီးအကဲတွေကော တာလေမြို့နယ်ခွဲ နားယောင်းအုပ်စုအုပ်ချုပ်ရေးမှူး ညီငယ်ဦးစောလှမွန်ကို ဖုန်းဆက်ကြည့်တော့ "ဟုတ်တယ်ဆရာ။ လူတွေသေကုန်ကြပြီ အဆောက်အဦတွေလည်း အများကြီးပျက်စီးတယ် အဲ့ဒါကြောင့် ကယ်ဆယ်ရေးတွေကို ကျွန်တော်တို့ ဆောင်ရွက်နေကြပြီ" ပြောမှ အသေအချာ သိလိုက်ရပါတယ်။
မိုင်းဖုန်းက မိသားစုဆီ ဖုန်းဆက်ကြည့်တော့ မိုင်းဖုန်းမှာတော့ ဘာမှအဲ့ဒီလောက်မဖြစ်ဘူးတဲ့။ မိသားစုအတွက် စိတ်အေးရပြီဖြစ်ပေမယ့် တာလေက မိဘပြည်သူတွေအတွက်ကိုတော့ စိတ်ပူမှုက ရှိနေဆဲပါ။ လူမှုကူညီမှုတွေ အမြဲဆောင်ရွက်လေ့ရှိတဲ့ ကျွန်တော့်အနေနဲ့ တတ်စွမ်းသမျှကူညီပေးဖို့
နောက်တစ်နေ့လေယာဉ်နဲ့အမြန်ဆုံး ရန်ကုန်ကနေ ပြန်ခဲ့ပါတယ်။
တာချီလိတ်ရောက်တာနဲ့ ပညာရေးဌာနမှာလည်း အမှတ်(၂)အခြေခံပညာက ညွန်ကြားရေးမှူး ဆရာကြီးဦးအောင်ချိန် ၊ပြည်နယ်ပညာရေးမှူး (ရှမ်းအရှေ့)ဦးစိုးနိုင်၊ အရေးပေါ် အမြန်ခန့်အပ်ခံရတဲ့ မြို့နယ်ပညာရေးမှူးအသစ် ဦးသန်းစိုးအောင်၊ အငြိမ်းစားယူတာ မကြာသေးတဲ့ ဆန်ဆိုင်း အထကကျောင်းအုပ်ကြီး(အငြိမ်းစား) ဆရာကြီးဦးအတူး စတဲ့ ပညာရေးမိသားစုတွေ စုစည်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ပျက်ဆီးဆုံးရှုံးမှုများတဲ့ အတွက် အရေးပေါ် ဖွဲ့စည်းတဲ့ တာလေမြို့နယ်ခွဲ ငလျင်ဒေသ ပညာရေးဆိုင်ရာ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးကော်မတီမှာ ကျွန်တော့်အနေနဲ့အလုပ်အမှုဆောင်တာဝန်ပေးခံရပြီး တာလေနဲ့တာချီလိတ် တစ်နေ့ ဘယ်နှစ်ကြိမ်မှန်းမသိ သွားလာကူညီဆောင်ရွက်ရတာတွေ၊ တာလေမှာ ညအိပ်ဆောင်ရွက်ရတာတွေ ကွင်းဆင်းကူညီရတာတွေနဲ့ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေး တာဝန်ကြားမှာ
နေ့မနား ညမအား ဆောင်ရွက်ခဲ့ရပါတော့တယ်။
ဒါက ကျွန်တော် ရဲ့အပိုင်းကိုတင်ပြတာပါ။ ဒေသအခြေအနေကို ဆက်လက်တင်ပြပါ့မယ်။ အဲ့ဒီကိုရောက်လို့ စုံစမ်းလိုက်တော့ (၂၄.၃.၁၁) ည(၈)နာရီခွဲခန့်မှာ အင်အားရစ်ခ်ျစတာစကေး (၆.၈)အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခဲ့ကြောင်းနဲ့ တာချီလိတ်မြို့နယ်နဲ့ တာလေမြို့နယ်ခွဲ မှာရှိတဲ့ ရပ်ကွက်ကျေးရွာများမှာ လူနေအိမ်တိုက်တာ အဆောက်အဦတွေ ပြိုကျ၊ ကွဲအက်၊ ယိမ်းယိုင်မှုတွေရယ်၊ လူတွေသေဆုံးမှုများစွာဖြစ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။
စာရင်းဇယားနဲ့ပြောရရင် တာလေမြို့နယ်ခွဲ နားယောင်းအုပ်စုမှာ(၁၁)ရွာ၊ မိုင်းလင်း(အနောက်)အုပ်စုမှာ (၈)ရွာ၊ မိုင်းလင်းအရှေ့အုပ်စုမှာ(၄) ရွာ၊ စုစုပေါင်း (၂၃)ရွာ ငလျင်ဒဏ်သင်ခဲ့ပါတယ်။ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီကျေးရွာမှာလည်းငလျင်ဒဏ်သင့်ခဲ့ပါတယ်။ အဲ့ဒီရွာမှာ တော ဘုရားကျောင်းအဆောက်အဦမှာ ဘုရားကျောင်းတက်နေတဲ့ ရွာသား(၂၁)ဦးအသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ ပြိုကျတဲ့ အဆောက်အဦ (၃၆၆)လုံး၊ နံရံပြိုကျတာက(၇၅)လုံး၊ နံရံအက်ကွဲ(၁၂၇)လုံး၊ ယိမ်းယိုင်အိမ်က(၁၈၂)လုံး ဖြစ်ခဲ့တာကြောင့် စုစုပေါင်း အိမ်(၇၅၀) ငလျင်ဒဏ်သင့်ခဲ့ပါတယ်။ သေဆုံးသူ အရပ်သား(၆၅)ဦး၊ တပ်ရင်းတပ်ဖွဲ့မှ (၁၁)ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။
တာလေအထက အပါအ၀င် စာသင်ကျောင်း(၁၆)ကျောင်းလည်း ငလျင်ဒဏ်သင့်ခဲ့ကြောင်း သိရှိရပါတယ်။ သို့သော်လည်း နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် နောက်ပိုင်း ပျက်စီးမှုတွေဆက်ရှိတဲ့ အဆောက်အဦများလည်း ထပ်မံရှိခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဖြစ်ဖြစ်ချင်းဘဲ ဒေသရှမ်းအရှေ့ ပယကဥက္ကဌ ဗိုလ်မှူးချုပ်သန်းထွန်းဦးနဲ့
ဒေသခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများဦးဆောင်မှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြားအဖွဲ့အစည်းများကပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ နိုင်ငံတော် ဒု- သမ္မတဒေါက်တာစိုင်းမောက်ခမ်း ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီးများနဲ့အတူ
အကြိမ်ကြိမ်လာရောက်ပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်နဲ့ ပြည်နယ်ဝန်ကြီးများကလည်း အနီးကပ်လာရောက်ပြီး လိုအပ်တာများကို အဘက်ဘက်မှ ကူညီပေးခဲ့ကြပါတယ်။
ဒေသလူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများကလည်း လာရောက် ကူညီခြင်းလှူဒါန်းမှုများကိုလည်း ရက်ရက်ရောရော ဆောင်ရွက်ကူညီခဲ့ကြပါတယ်။ ဘာသာရေး အဖွဲ့အစည်းများကလည်း တက်ကြွစွာကူညီလှူဒါန်းကြတာကို တွေ့ရပါတယ်။ အနိဌာရုံများနဲ့ ပြည့်နေတဲ့ တာလေငလျင်သက်ရောက်မှု မြင်ကွင်းဟာ နိုင်ငံတော်နဲ့ ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်တာရယ်၊ အဖွဲ့အစည်းအမျိုးမျိုးရဲ့ စေတနာတွေကြောင့် လပိုင်းအတွင်း ပြန်လည်တည်ငြိမ်ပြီး ကျန်ရှိတဲ့
ဒေသခံတွေဟာ ယခင်ထက်ပင် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးတွေကို ခံစားနေရပြီဖြစ်ပါတယ်။
နိုင်ငံတော်က အချိန်နှင့်တပြေးညီ ကျောင်းမဖွင့်မီ ပျက်စီးနေတဲ့ ကျောင်းတွေအားလုံးကို
ပြန်လည်တည်ဆောက်နိုင်တဲ့ အတွက် ကျောင်းဖွင့်အမီ ကျောင်းသားများ စာသင်ကျောင်းများမှာ ပျော်ပျော်ရွှင်ရွှင် အချိန်မီသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဆေးရုံ၊ ရဲစခန်း၊ ဆက်သွယ်ရေးရုံးစတဲ့ ပျက်စီးနေတဲ့ အဆောက်အဦများနေရာမှာ ခေတ်မီ လှပတဲ့ ဒီဇိုင်းအသစ် အဆောက်အဦတွေနဲ့ တာလေဟာ မြို့နယ်ခွဲလို့သာ ပြောရတာ တဖြေးဖြေးနဲ့ တိုးတက်ဖွံ့ဖြိုးလာတာကို သိသာစွာတွေ့ရှိရပါတယ်။
တာလေမှာ အခုသွားကြည့်မယ်ဆိုရင် ငလျင်လှုပ်ခဲ့တယ်ဆိုတာ ပြောမှသိနိုင်တော့မှာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာ့သမိုင်းမှာတော့ ငလျင်ကြီးလို့ပြောရမယ့် အဆင့်လှုပ်ခဲ့တဲ့ တာလေငလျင်သမိုင်းလေးကိုတော့ မသိတဲ့သူများ ပြန်လည်ပြီး ဗဟုသုတဖြစ်ရအောင်လို့ (၂)နှစ်ပြည့် တာလေငလျင်အကြောင်း ပြန်လည်တင်ပြခြင်း ဖြစ်ပါကြောင်း နဲ့ ဆောင်းပါးလေးကို အဆုံးသတ် လိုက်ပါတယ်။
ဆောင်းပါးရှင် ။ ။
မြတ်မျိုးမြင့်မာန်
ဂျောပရွာသို့ ခရီးတစ်ခေါက် (ခရီးသွားဆောင်းပါး)
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဂျောပကျေးရွာသို့ (၁၂.၃.၂၀၁၃) တွင် ရောက်ရှိခဲ့ပါသည်။ ရွာရှိ ပညာရေးမိသားစုမှ ညီငယ် မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဇော်မင်း၏ ဖိတ်ကြားချက်အရဖြစ်ပါသည်။ မိမိအနေဖြင့်လည်း ခရီးသွားဆောင်းပါးများ ရေးသားခြင်းကိုနှစ်သက်သဖြင့် ရောက်ဖြစ်အောင် သွားရောက်ခဲ့ပါသည်။
လွယ်တော်ခမ်းကျေးရွာအုပ်စုသည် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အထွက် လမ်းဘေး ဘယ်ညာ တွင် တည်ရှိပါသည်။ ကျောက်တုံးကြီးများအား ညီညာသပ်ရပ်စွာ ခင်းထားသော တာချီလိတ် မိုင်းဆတ် လမ်းမကြီးအတိုင်း သွားပြီး လမ်း၏ ညာဖက်တွင် "ဂျောပသို့ သုံးမိုင်" ဟု ဆိုင်းဘုတ်ငယ်ရေးထားသည့်
မြေနီလမ်းမတွင်ဝင်ပြီး တောင်ဆင်းတောင်တက် နာရီဝက်ခန့်ကျော်ပါက ဂျောပရွာသို့
ရောက်ရှိပြီဖြစ်သည်။ မတ်စောက်သော အတက်အဆင်းများကို ဖြတ်ကျော်ခဲ့ရ သော်လည်း သာယာလှပသော တောင်ပေါ်ရှုခင်းများကို ကြည့်ရှုခွင့်ရသဖြင့် ကြည်နူးအမောပြေစေပါသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က စတင်ကြိုးစားသင်ကြားခဲ့သော စာသင်ကျောင်းငယ်ကိုတွေ့ခဲ့ရသည်။
လူကြီးများ အရေးကြီးသောကိစ္စ ရှိ၍ မဟုတ်ဘဲ ရောက်ရှိလေ့မရှိသောနေရာ ဖြစ်လင့်ကစား ညီငယ် ဦးဇော်မင်းသည် သူတတ်နိုင်သလောက် ကျောင်းနှင့်တူသော ကျောင်းဖြစ်အောင်ကြိုးစားနေသည်ကို မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရသည်။
ထို့ပြင် ကျေးရွာသူကြီးဦးလော်ရိုးနှင့်လည်း စကားပြောခွင့်ရရှိခဲ့ပါသည်။ ထူးခြားသည်မှာကျေးရွာသူကြီးအဖြစ် ကာလရှည်ကြာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ကျေးရွာ၏ ကြည်ညိုလေးစားယုံကြည်မှုကြောင့် ဖြစ်ကြောင်းသိရပါသည်။ ပညာရေးကို အားပေးသဖြင့် တိုးတက်မှုရှိကြောင်းသိရပါသည်။ ယခင်က ယခုကျောင်းမှာ ဆရာတည်မြဲလေ့မရှိဘဲ လက်ရှိကျောင်းအုပ်ဆရာကြီး လက်ထက်မှ ဆရာတည်မြဲလာခြင်းဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့် စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရှိရသည်။
ဤခရီးတွင်ထူးခြားစွာ သိရှိခဲ့ရသည့် အကြောင်းအရာတစ်ခုကို တင်ပြပါမည်။
ဒေသခံ အာခါတိုင်းရင်းသားများအား ပိုမိုတိုးတက်စေရန်အတွက် စီမံကိန်းတစ်ခုကို ၂၀၁၃တွင် စတင်နေခြင်းပင်ဖြစ်ပါသည်။ ၎င်းစီမံချက်မှာ မယ်ဖလုန် (Mae Fae Luang)ဒေသဖွံ့ဖြိုးရေး စီမံချက်ပင်ဖြစ်ပါသည်။ ၎င်းစီမံချက် ကွင်းဆင်းမန်နေဂျာ ဦးဝင်းမြတ်နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ဦးဝင်းမြတ်သည် အာခါတိုင်းရင်းသား ပညာတတ်တစ်ဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းများတွင် ယခင်ကလည်း စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဂျောပရွာ ဘုရားကျောင်း တွင် ယာယီရုံးခန်းဖွင့်ထားပြီး စီမံကိန်းရုံး အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းကို စီစဉ်နေသလို ဒေသဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း စတင်ကြိုးစားနေပြီဖြစ်ကြောင်းသိရသည်။
အာခါတိုင်းရင်းသားအများစုနေထိုင်သော ဒေသပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး တို့ကို အဓိကကူညီသွားမည်ဖြစ်ကြောင်း၊ ၎င်းကဏ္ဍများနှင့်
အတူ ပညာရေး၊ ကျန်းမာရေး စသည်တို့ကိုလည်း ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စီမံကိန်းကာလမှာ(၆)နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ ဂျောပကျေးရွာအပါအ၀င် ကျေးရွာပေါင်း(၁၄)ရွာ အတွက် အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရပါသည်။ ယခုစီမံကိန်းကို ထိုင်းဘုရင့်အစီအစဉ်ဖြင့် ကူညီပံ့ပိုးခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံနှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ ချင်းရိုင်း ခရိုင်အတွင်းတွင်လည်း မယ်ဖလုန် (Mae Fae Luang) ဟူသည့် ဒေသတစ်ခုရှိပါသည်။ ၎င်းဒေသတွင် ထိုင်းနိုင်ငံသား အာခါလူမျိုးများနေထိုင်ပြီး လှပသော ပန်းဥယျာဉ်၊ အဆင့်အတန်း မြင့်မားသော လူနေမှုအဆောက်အဦများ
ရေမီး ပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများ ရှိနေပြီဖြစ်ပါသည်။ ဤ ကဲ့သို့ မယ်ဖလုန်ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း ထိုင်းဘုရင့် အစီအစဉ်ဖြင့် အကောင်းဆုံး
ဆောင်ရွက်ပေးထားကြောင်းသိရပါသည်။ မယ်ဖလုန်ဒေသဖွံ့ဖြိုးမှုမှာ နေ့စဉ် နိုင်ငံခြားသားများစွာ လာရောက်လေ့လာကြည့်ရှုသည့် အခြေအနေသို့ပင် ရောက်ရှိနေပြီး စည်စည်ကားကားဖြင့်
နိုင်ငံခြားဝင်ငွေများစွာပင် ရရှိနေပြီဖြစ်ပါသည်။
စာရေးသူ ကျွန်တော့်အနေဖြင့် လွန်ခဲ့သော ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စာရေးဆရာကြီး လယ်တွင်းသားစောချစ်၊ စာရေးဆရာနေ၀င်းမြင့်၊ ခင်ခင်ထူး တာချီလိတ် စာရေးဆရာအသင်းက ညီအစ်ကိုများနှင့်အတူ တစ်ခေါက် ရောက်ခဲ့ပြီးဖြစ်၍ ယခုဆောင်းပါးကို
ရေးဖြစ်ခြင်းလည်းဖြစ်သည်။ ဒေသခံများ၏ ပါးစပ်ရာဇ၀င်အရ ထိုင်းဘုရင့်မိသားစုနှင့်ပတ်သက်၍ အာခါလူမျိုးများက တစ်ချိန်တစ်ခါက
ကျေးဇူးရှိခဲ့သဖြင့်
ပြန်လည်ကျေးဇူးဆပ်သည်ဟု ပြောဆိုကြပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့ခရီးထွက်ခွာသည့် ကာလလေးတစ်ခုတွင် မြန်မာ့နွယ်ဖွား အာခါတိုင်းရင်းသားများ၏ တိုးတက်မှု့ဖြစ်စေမည့် အခြေအနေကောင်းတစ်ခုကို တွေ့မြင်ခဲ့ရသဖြင့် ၀မ်းသာရပါသည်။
နောက်တစ်ကြိမ် ဂျောပရွာသို့ အလည်ခရီးတစ်ခေါက် ရောက်ခဲ့ပါမူ ဖွံ့ဖြိုးတိုးတက်နေသော
မြန်မာ့မြေတွင်းမှ အာခါကျေးရွာများကို မြင်တွေ့တင်ပြသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးရင်း ဆောင်းပါးကိုနိဂုံးချုပ်အပ်ပါသည်။
ဆောင်းပါးရှင်။ ။ မြတ်မျိုးမြင့်မှန်
လျှပ်တစ်ပြက်တာလေ (၁)
ကျွန်တော့်အနေနဲ့ အစိုးရ၀န်ထမ်းတစ်ဦးအနေနဲ့ကော လူမှုရေးအဖွဲ့အစည်းကြီးတစ်ခုရဲ့ ဦးစီးခေါင်းဆောင်တာဝန်နဲ့ပါ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဒေသဖွံ့ဖြိုးရေးနဲ့
ဌာန ဆိုင်ရာတာဝန်များနဲ့ အားစိုက်ခွန်စိုက် ဆောင်ရွက်ခဲ့တဲ့ နေရာလေးတစ်ခုဖြစ်တဲ့ တာလေမြို့နယ်ခွဲ (ယခင် တာလေကျေးရွာအုပ်စု) ကို ၃.၁.၂၀၁၃ ရက်နေ့က ရောက်ရှိခဲ့တာ
လေးတွေကို တင်ပြသွားမှာဖြစ်ပါတယ်။ နောက်နောင်လည်း ရောက်ရှိခဲ့ရင် ဆက်လက်တင်ပြလိုတာကြောင် လျှပ်တစ်ပြက်တာလေ(၁)လို့ အမည်ပေးထားတာဖြစ်ပါတယ်။ (၁.၁.၂၀၁၃)ရက်နေ့ မနက် ဌာနဆိုင်ရာအရေးကြီးကိစ္စ တစ်ခုရှိတဲ့အတွက် စာရေးသူ တာချီလိတ်မြို့ပေါ်မှာ ဆိုင်ကယ်နဲ့သွားလာနေတုန်း ကားတစ်စီး မိမိဆိုင်ကယ်ကို ဟွန်းတီးကျော်တက်နှုတ်ဆက်ပြီး ရှေ့ကနေကြိုရပ်လိုက်တာ တွေ့ရပါတယ်။ အနီးရောက်လို့ ကြည့်လိုက်တော့ မောင်ကျော်စိုးဖြစ်နေတာ တွေ့ရပါတယ်။ မောင်ကျော်စိုးဆိုတာ ယခုတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဖြစ် နိုင်ငံတော်ရဲ့လုံခြုံရေးကို အထူးတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ ဗိုလ်မှူးကျော်စိုးဖြစ်ပါတယ်။ ဆရာ့ကျေးဇူးဘယ်တော့မှ မမေ့ပါဘူး။တာလေလားဟူနှစ်သစ်ကူးပွဲကို ကြွရောက်ပါ ဆရာ့အိမ်ကိုလည်း ဖိတ်ထားပါတယ် ဆိုတဲ့နှုတ်နဲ့ဖိတ်ကြားမှုတွေကြောင့် တာလေကို တစ်ခေါက်ရောက်ခဲ့ပြန်တာပါ။ အမှန်ပါဘဲ။ညနေအိမ်ပြန်ရောက်တော့ဖိတ်စာရောက်နေပါပြီ။တစ်ချိန်ကမိမိပျိုးထောင်ပေးခဲ့တဲ့
လူငယ်တစ်ဦး လောကအလယ်ပညာတတ် ဦးစီးခေါင်းဆောင်တစ်ယောက်အဖြစ်မြင်ရတဲ့ ဆရာ
တစ်ယောက် ၀မ်းသာမှုက ဖေါ်မပြနိုင်အောင်ပါဘဲ။
မနက်(၉)နာရီ တာလေက ဗိုလ်မှူးကျော်စိုးဆီ အရင်ဆုံးရောက်ရှိစဉ်မှာဘဲ ယခင်ထက် တိုးတက်ပြောင်းလဲမှုတွေနဲ့ပြည့်နှက်နေတဲ့ တာလေကို တွေ့ရှိခဲ့ပါတယ်။လားဟူနှစ်
သစ်ကူးပွဲတော်အကြောင်းကတော့ ဆရာစူလဏီး ဆောင်းပါးမှာလည်း အပြည့်အစုံပါရှိပြီမို့ အထူးဖြည့်စွက်စရာမကျန်တော့ပါဘူး။
ဒါပေမယ့် သူတို့ရဲ့ခေါင်းဆောင်တွေကို လက်ဆေးမင်္ဂလာပြုပေးတာရယ် ဂါရ၀ပြု အဖွဲ့လိုက် လူကြီးအိမ်မှာ ထုံးစံနဲ့အညီ ဘူးခါးပလွေ၊စတဲ့တူရိယာတွေနဲ့ဖျော်ဖြေကြတာကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ လားဟူရိုးရာဓလေ့ထုံးစံလေးတွေဘဲဖြစ်ပါတယ်။ အတိတ်က မောင်ကျော်စိုးရဲ့ဖခင် ၊ မိမိရဲ့ခင်မင်လေးစားရတဲ့ ဒေသလုံခြုံရေးကိုလားဟူပြည်သူ့စစ်ခေါင်းဆောင်အဖြစ်စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်လုံကျာရှောကိုလည်း အမှတ်ရမိပါတယ်။
တာလေရောက်ရှိစဉ် မိမိနဲ့အတူ လိုက်ပါပေးတာကတော့ လူထုအကျိုးလုပ်ငန်းတွေအများကြီး လုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ဦးဆောင်မှုနောက်မှာ တက်ကြွစွာလိုက်ပါဆောင်ရွက်ပြီးယခုတိုင်တက်ကြွကြိုးစားနေ
ဆဲဖြစ်တဲ့ တာလေမြို့နယ်ခွဲ၊တာကြန့် အမက က ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဖြစ်ပါတယ်။
မောင်ကျော်စိုးဆီကနေ သူတို့ရဲ့ပွဲတက်ရောက်ပြီးတဲ့အခါ အတိတ်က ခင်မင်နားနေခဲ့ဘူးတဲ့နေရာလေး
တစ်ခုဖြစ်တဲ့ တာလေဆက်သွယ်ရေးရုံးကို ရောက်ရှိခဲ့ပါတယ်။ယခင်နှစ်နှစ်ဆယ်နီးပါးက တာလေစာတိုက်မှူးနဲ့စာရေးသူအတူတူ တာလေစာတိုက်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုနှိုင်းယှဉ်နိုင်
အောင်ဖေါ်ပြလိုက်ပါတယ်။ ယခင်ကတာလေမှာအာတီလို့ခေါ်တဲ့ရေဒီယိုတယ်လီဖုန်းလေးတစ်ခုတည်းနဲ့
ဌာနဆိုင်ရာပေါင်းစုံ၊မိဘပြည်သူလူထုများအနေနဲ့ တစ်နိုင်ငံလုံးကို ဆက်သွယ်ခဲ့ကြရပါတယ်။
ဆက်သွယ်ရေး အင်မတန်မှခက်ခဲသလို ဆက်သွယ်ရေးဝန်ထမ်းတွေမှာလည်း မိမိတို့ကို အထင်မလွဲအောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ခဲ့တာကို ဆက်သွယ်ရေးဝန်ထမ်းတွေနဲ့ ညီအစ်ကိုလိုပေါင်းသင်းနေထိုင်ခဲ့တဲ့ စာရေးသူအသိဆုံးလည်းဖြစ်ပါတယ်။
တာလေမြို့နယ်ခွဲမှာ အော်တိုတယ်လီဖုန်း စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ (၁၀)လုံး သုံးစွဲနေရပြီ
ဖြစ်ကြောင်း သိရှိရပါတယ်။ ဂျီအက်စ်အမ်ဖုန်းအလုံးရေ (၂၀၀)ကိုလည်း သုံးစွဲနေပြီဖြစ်ကြောင်း သိရပါတယ်။
စာတိုက်ဆက်သွယ်ရေးအနေဖြင့်လည်း ၀န်ထမ်းအင်အားပြည့်စုံတာကြောင့် အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက်နိုင်ြပီဖြစ်ကြောင်းလည်းသိရှိရပါတယ်။FAXကိုလည်း အချိန်ပြည့် ၀န်ဆောင်မှုပေးနေတဲ့
အတွက်ကြောင့် အရေးကြီးစာရွက်စာတမ်းမိတ္တူများ ကို ပေးပို့နိုင်ကြပြီဖြစ်ပါတယ်။ လျှပ်စစ်မီးကိုလည်း အချိန်ပြည့်ရရှိအောင်စီစဉ်ထားတဲ့အတွက် လုပ်ငန်းများအဆင်ပြေချောမွေ့ကြောင်းသိရှိ ရပါတယ်။ လက်ရှိတာလေမှာ ဆက်သွယ်ရေးတာဝန်ခံ အဖြစ် ဒုကြီးကြပ်ရေးမှူး ဒေါ်ခင်ခင်သိန်းက ဦးဆောင်ပြီးလုပ်ငန်းများကိုကြိုးစား ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။
အဲ့ဒီကနေ တာလေ ခမရ(၃၁၆) တပ်ရင်းရှေ့ ကွင်းပြင်ကြီးကိုရောက်ခဲ့ပါတယ်။
အဲ့ဒီမှာ လွတ်လပ်ရေးနေ့အကြိုအားကစားပြိုင်ပွဲကို တာလေမြို့နယ်ခွဲအုပ်ချုပ်ရေးမှူးက
ဦးဆောင်ပြီးဌာနဆိုင်ရာပေါင်းစုံနဲ့ ဒေသ ကျောင်းသားနဲ့ပြည်သူလူထုတွေ ပျော်ရွှင်စွာ ပြိုင်ပွဲပေါင်းစုံ
ကျင်းပနေတာကို တွေရပြန်ပါတယ်။
အထူးသဖြင့် ပညာရေးဝန်ထမ်းတွေက အားကစားပြိုင်ပွဲတွေမှာ အသီးသီး ကြီးကြပ်မှု
တာဝန်ယူနေကြတာတွေ့ရပါတယ်။မှတ်တမ်းဓာတ်ပုံလေးတစ်ပုံနှစ်ပုံရိုက်ဖြစ်ပါတယ်။
အဲ့ဒီကနေ အချိန်သိပ်မရှိလို့ မိမိလုပ်ငန်းတာဝန်တွေလည်းရှိသေးလို့ ပြန်မယ်လုပ်တော့ မိမိနဲ့အတူ လိုက်ပါပေးတဲ့ ဦးဝင်းမြင့်က ဆရာရယ် ကျွန်တော်တို့ရွာတော့ ခဏနားရင်းလိုက်လည်ပါအုံးလို့ ခေါ်တာနဲ့ အားနာနာနဲ့ တာကြန့်ကျေးရွာကိုရောက်ခဲ့ပါတယ်။ တာကြန့်အမက ရဲ့တိုးတက်နေမှုကို လည်းတွေ့ရပြန်ပါတယ်။အဲ့ဒီအကြောင်းကိုတော့ နောက်များမှ ဆက်လက်တင်ပြပါ့မယ်။
တာကြန့်မှာတွေ့ခဲ့ရတဲ့ လုပ်ငန်းလေးတစ်ခုကို မိဘပြည်သူကို တင်ပြချင်ပါတယ်။ သိပြီးတဲ့သူတွေလည်းရှိပါမယ်။ မသိသေးတဲ့လူတွေလည်း ဒီလုပ်ငန်းဟာနှစ်ဦးနှစ်ဖက်
ကောင်းမွန်တာကော တာလေလို ငလျင်ဒေသမျိုးမှာ ရှိသင့်တဲ့လုပ်ငန်းတစ်ခုပါဘဲ။
အဲ့ဒါကတော့ အိမ်တိုင်ယာရောက် ဘလောက်အုတ်လုပ်ငန်းကို တာကြန့်ရွာမှာတွေ့ရှိရတာကိုတင်
ပြမှာဖြစ်ပါတယ်။ လိုတဲ့အိမ်ကို ကိရိယာဘဲယူလာပြီး လိုအပ်သူရဲ့ရှေ့မှာဘဲ ဘိလပ်မြေ၊သဲတွေကို အကောင်းဆုံးအနေအထားစပ်ယူပြီးဆောင်ရွက်ကြတာဖြစ်ပါတယ်။ လာရောက်လုပ်တဲ့သူကို
ဘလောက်အုတ်တစ်လုံးကို တစ်ဘတ်နှုန်း(၃၈ကျပ်ခန့်)ပေးကြောင်းကိုလည်း သိရှိရပါတယ်။
အရည်အသွေးမီတဲ့ အုတ်ကို မျက်စိရှေ့မှာဘဲ ဆောင်ရွက်တာကြောင့် ခိုင်ခံ့တဲ့အုတ်ကို စိတ်ချစွာ
သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အလျင်စလို မဟုတ်ခဲ့ရင် တာလေမှာ ဒီလိုလုပ်ငန်းများနဲ့ အသက်မွေးသူတွေ
ရှိတယ်လို့သိရတာကြောင့် နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာတဲ့လုပ်ငန်းလေးတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ဒီတစ်ခေါက်တော့ လျှပ်တစ်ပြက်တာလေအကြောင်း ဒီမျှနဲ့ခွင့်ပြုဖို့တင်ပြလိုပါတယ်။နောက်တစ်ခေါက်
တာလေရောက်ခဲ့ရင်လည်း မပျက်မကွက် တိုးတက်ချက်တွေကို ဆက်လက်တင်ပြပါ့မယ်။
မြတ်မျိုးမြင့်မာန်
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...
-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။