Showing posts with label ဦးမြင့်ဝင်းလှ (လက်ထောက်မြို့နယ်ပညာရေးမှူး). Show all posts
Showing posts with label ဦးမြင့်ဝင်းလှ (လက်ထောက်မြို့နယ်ပညာရေးမှူး). Show all posts

Tuesday, May 29, 2018

စေတနာဖြင့် တင်ပြမည် ပညာရေးစနစ်သစ် မူလတန်းဆီ


မူလတန်းသင်ရိုးသစ်တွင် အတန်းတစ်တန်း၏
ဘာသာရပ်တစ်ခုအတွက် အခန်းအလိုက်စီစဉ်
ထားရှိပါသည်။ တစ်ခန်းချင်းစီတွင် သင်ခန်းစာငယ်
တစ်ခုချင်းအလိုက် ခွဲထားပါသည်။ သင်ခန်းစာ
ငယ်တစ်ခုအားသင်ကြားရာတွင် ဆရာဆရာမများ
အတွက် သင်ခန်းစာငယ်အား သင်ကြားရမည့်
အချိန်အရေတွက်အတိုင်း တစ်ချိန်စာအတွက်ကိုပင်
သင်ကြားရမည့် လုပ်ငန်းလမ်းညွှန်များကို
စနစ်တကျ အသေးစိတ် ပြုစုထားပါသည်။ ဆရာလမ်းညွှန်များ ကျောင်းတိုင်းသို့
သင်တန်းတက်ပြီး ဆရာဆရာမတိုင်းသို့
ပညာရေးဌာနက
ပေးအပ်ထားပါသည်။

ယခင်စနစ်ဟောင်းပညာရေးတွင်
ဆရာဆရာမများက အသေးစိတ်
ဆောင်ရွက်ကြရပြီး ယခုကဲ့သို့
ကောင်းမွန်ပြည့်စုံလှသော
ဆရာလမ်းညွှန်များမရှိခဲ့ပါ။
မိဘပြည်သူများနားလည်လွယ်စေရန်
ဒုတိယတန်းသင်ရိုးသစ်၏
မြန်မာစာဘာသာရပ် အခန်း(၁)
သင်ခန်းစာ(ဂ)ကို နမူနာပုံများ
ပေးထားခြင်းဖြစ်ပါသည်။
ဖော်ပြပါပုံများမှာ ဒုတိယတန်းစနစ်သစ်မြန်မာစာ
၏ အခန်း(၁) ဖြစ်သော အသတ်လက္ခဏာ
သိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ ထဲမှ
သင်ခန်းစာ(ဂ)ဖြစ်သော
အင်အင့်အင်းအသတ်များ
သင်ကြားကြစို့လား သင်ခန်းစာ
သင်ကြားချိန်(၉)ချိန်အနက်
တတိယအချိန်ဆိုင်ရာ
ဆရာလမ်းညွှန်စာအုပ်မှ
ညွှန်ကြားချက်များကို
ဖော်ပြထားခြင်းဖြစ်ပါသည်။

ယခုဆောင်းပါးငယ်ကို ရေးသားရခြင်းမှာ
မိဘပြည်သူများအတွက်
အထူးရည်ရွယ်ပါသည်။
မိမိတို့၏ သားသမီးများကို
ကျောင်းလွှတ်ရုံဖြင့် မပြီးပါ။
ပညာရေးစနစ်ပြောင်းနှင့်
သားသမီး အတန်းလိုက်
တတ်မြောက်ရေးကို
ထိန်းကျောင်းပေးမှသာ
မိဘပြည်သူများကိုယ်တိုင်
မသင်ကြားခဲ့ရသေးသော
ပညာရေးစနစ်သစ်ကို
ပိုမိုအောင်မြင်နိုင်ပြီး
မြန်မာ့ပညာရေး အမှန်တကယ်
တိုးတက်လာမည်ဖြစ်ပါသည်။
ထို့ပြင် သင်ရိုးသစ်နှင့်
နီးလျက်နှင့်ဝေးနေသော
ထက်လယ်ကျောင်းအုပ်ကြီးများ
မူအုပ်များ၊ပညာရေးအရာရှိအချို့အားလည်း
ကူညီခြင်းလည်း ဖြစ်ပါသည်။
ဤကဲ့သို့ စနစ်တကျ
သေသေချာချာ ငွေကုန်ကြေးကျများစွာ
ဖြင့် ပညာရေးဝန်ကြီးဌာနမှ
ဆောင်ရွက်နေသော ပညာရေးစနစ်
ကို လူမှုကွန်ယက်စာမျက်နှာမှ
မြန်မာစာရေးတတ်သူတို့၏
သွားပုတ်လေလွင့် ပြောနေသူတို့၏
စကားများကိုလည်း ပြန်လည်ချေပ
တင်ပြလိုခြင်းလည်းဖြစ်ပါသည်။
အထက်တွင်တင်ပြခဲ့သည်အတိုင်း
စနစ်တကျ ပီပီပြင်ပြင်
ဆရာဆရာမများ အခက်အခဲမရှိ
ကိုးကားလိုက်နာပြီး သင်ကြားပေးရန်
သင်တန်းများ ဆရာလမ်းညွှန်များ
ပေးအပ်ထားပြီး ဖြစ်သော်လည်း
ဆရာဆရာမများ၏ ကျွမ်းကျင်
တတ်မြောက်လာသည့် မြန်မာစာ
အခြေအနေအရ သင်ပြနည်းများကိုလည်း
ရွေးချယ်နိုင်အောင် လမ်းညွှန်ထားပါသည်။
အထက်ပါ ဥပမာပေးထားသည့်
သင်ခန်းစာတွင် စာလုံးပေါင်းနည်းကိုပင်
ဖော်ပြထားသည့် ကြိုက်နှစ်သက်ရာ
စာလုံးပေါင်းနည်းကို သုံးနိုင်ကြောင်း
လမ်းညွှန်ထားပါသည်။
သို့သော်လည်း ပထမတန်းသင်ရိုးသစ်တွင်
သင်လာသည့် စာလုံးပေါင်းနည်းအတိုင်း
ဒုတိယတန်းသင်ရိုးသစ်တွင် ဆက်လက်
သင်ကြားမည့် ကလေးများအား
သင်ကြားပေးခြင်းကသာ
ကျောင်းသားကျောင်းသူများ
နားလည်သဘောပေါက်ပြီး
မြန်မာစာကို စာလုံးမပေါင်းဘဲ
ရွတ်ဖတ်နိုင်သည့်စွမ်းရည်
မြင့်မားလာမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ
ကျောင်းအုပ်ကြီးများက
မူလတန်းသင်ရိုးသစ်သင်
ဆရာဆရာမများကို
ဘာသာရပ်ဆိုင်ရာများကို
စနစ်သစ်လမ်းညွှန်ချက်များနဲ့အညီ
ကျောင်းသားကျောင်းသူများ
ကောင်းမွန်စွာ တတ်မြောက်လာစေရေး
အတွက် တည့်မတ်ထိန်းကျောင်းမှသာ
ပိုမိုအောင်မြင်မည်ဖြစ်သည်။
အလားတူ မိဘပြည်သူများကလည်း
စနစ်သစ်ပညာရေးအပြောင်းအလဲ
သင်ခန်းစာ သင်နည်းများကို
ဆရာဆရာမများ၊ ကျောင်းအုပ်ကြီးများ၊
ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်း
ဆွေးနွေးလျက် မိမိတို့ သားသမီးများ
ပညာရေးစနစ်သစ်ကို
အပြည့်အ၀ရရှိစေရေးနှင့်
ပညာရေးစနစ်သစ် အောင်မြင်စေရန်
ကြိုးပမ်းဆောင်ရွက်သွားကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျက်
ယခုတင်ပြခြင်းကို နိဂုံးချုပ်ပါသည်။

လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့


Tuesday, April 17, 2018

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး (၆)


ယခုစာသင်နှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း
အတွေ့အကြုံလေးတစ်ခုဖြစ်ပါသည်။
တာချီလိတ်မြို့နယ်တွင်
ပညာရေးနယ်မြေ(၇)ခုရှိပါသည်။
၎င်းနယ်မြေများအနက်
အထက၀မ်နတ်နယ်မြေ
လည်းပါရှိပါသည်။
အထက၀မ်နတ်ပညာရေးနယ်မြေသည်
လောနိုင်ငံနှင့် အများဆုံးထိစပ်နေသော နယ်မြေ
ဖြစ်ပါသည်။








ကျိုင်းလပ်မြို့ပေါ်(၃)ရပ်ကွက်နှင့်အတူ
ကျေးရွာအုပ်စု(၃)အုပ်စုရှိပါသည်။
ပြည်နယ်ဝန်ကြီး(၂)ဦး ကွင်းဆင်းခရီးစဉ်
ရှိကြောင်း ကျိုင်းလပ်မြို့တွင် တွေ့ဆုံမည်
ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး
ဆရာမကြီးက မိမိ၏နယ်မြေကျွမ်းကျင်မှုနှင့်
တင်ပြနိုင်မှုအပေါ် ယုံကြည်၍ တာဝန်ပေးအပ်သဖြင့်
မိုင်(၇၀)ကျော်ခရီးအား မနက်စောစော
ဆိုင်ကယ်ဖြင့်ပင် သုတ်ခြေတင်ခဲ့ရပါသည်။





အခြားသိကျွမ်းသောဌာနများက ကားများ
သွားလေမည်လားဟုမေးသော်လည်း
အစီအစဉ် မရှိကြောင်းသိရသဖြင့်လည်း
တစ်ကိုယ်တည်း ခရီးထွက်ခဲ့ရခြင်း
ဖြစ်ပါသည်။

မိမိရောက်ရှိချိန်တွင်
လူကြီးများမရောက်သေးသဖြင့်
အနားယူချိန်ရရှိပါသည်။
အခြားပညာရေးဝန်ထမ်းများ
တစ်ယောက်မှ မတွေ့ရဘဲ
ကျိုင်းလပ်နယ်မြေမှူး
အထကကျောင်းအုပ်ကြီး
ဦးအောင်ထွန်းတစ်ဦးတည်း
နှင့် ဒေသခံ အုပ်ချုပ်ရေးမှူး သူကြီးများ၊
အခြားဌာနဆိုင်ရာ
ပရိသတ်အားတွေ့ရှိရပါသည်။




ဆရာကြီးဦးအောင်ထွန်းမှာ
ကျိုင်းလပ်သို့ အထကကျောင်းအုပ်အဖြစ်
ရောက်ရှိသည်မှာ
နှစ်ပိုင်းပင်ရှိပါသေးသည်။

အထကကျောင်းအုပ်၏
လုပ်ငန်းတာဝန်များအရလည်းကောင်း
နယ်မြေလမ်းပန်းဆက်သွယ်ရေးအရလည်းကောင်း
နယ်မြေတွင်း ကျောင်းများအားလုံး
အခြေအနေကို နှံစပ်နိုင်ရန် ခက်ခဲလှပါသည်။

အခြား ဒေသတွင်းကျောင်းအုပ်ကြီးများကိုလည်း
မခေါ်ထားဘူးဟုသိရသဖြင့် လူကြီးများလည်း
ရောက်လာတော့မည်ဖြစ်သဖြင့် မိမိသာ
ဒိုင်ခံ တင်ပြရှင်းလင်းရတော့မည်ကို
သိနားလည်လိုက်ရပါသည်။

မကြာမီကာလအတွင်း တာဝန်ရှိလူကြီးမင်းများ
ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်
လားဟူတိုင်းရင်းရေးရာဝန်ကြီး၊
အာခါတိုင်းရင်းသားရေးရာဝန်ကြီးများနှင့်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့
ရောက်ရှိလာကြပါသည်။

အခမ်းအနားစတင်၍ ၀န်ကြီးများ၊
တက်ရောက်သူများ မိတ်ဆက်ပြီးသောအခါ
ဆွေးနွေးတင်ပြချိန်
ရောက်ရှိပါတော့သည်။

အခြားဌာနအကြီးအကဲများကလည်း
၎င်းတို့နှင့်သက်ဆိုင်သည်များကို
ရှင်းလင်းဖြေကြားဆွေးနွေးကြပါသည်။

အထက-၀မ်နတ်နယ်မြေသည်
အဆိုပါခရီးစဉ်ကာလတွင်
ကျောင်းပေါင်း (၁၈)ရှိပါသော်လည်း
ကျွန်တော် လက်ထောက်မြိုနယ်ပညာရေးမှူး
အခါ(၂၀)ကျော် ထ၍ ဖြေရှင်းညှိနှိုင်း
တင်ပြဆွေးနွေးခဲ့ရပါသည်။


တိုင်းရင်းသားရေးရာဝန်ကြီး(၂)ဦး၏
ပညာရှိများဖြစ်ခြင်း
စိတ်သဘောဖြူစင်ခြင်း
အပြန်အလှန်နားလည်
သဘောပေါက်ခြင်းများကြောင့်
ပညာရေးဆိုင်ရာ ကိစ္စများကို
အဆင်ပြေစွာ ဆွေးနွေးနိုင်ခဲ့ပါသည်။


ဒေသခံတိုင်းရင်းသားကျေးရွာသူကြီး
ရွာတာဝန်ခံများမှာလည်း
အခြေခံပညာနည်းသည့်အလျောက်လည်းကောင်း
တောင်ပေါ်သားများဖြစ်သည့်အတွက်လည်းကောင်း
အရိုးခံဖြင့် ပြောကြားကြသဖြင့်
ကျွန်တော့်အနေဖြင့်လည်း
ရှင်းရှင်းလင်းလင်း နားလည်အောင်
ပညာရေးဌာန၏ မူဝါဒများ
လက်ရှိလုပ်ဆောင်နေရသည်များကို
၎င်းတို့ရွာကျောင်းများတွင်
ဖြစ်ပေါ်နေသည့် ပြဿ နာအမျိုးမျိုးကို
နှစ်ဦးနှစ်ဖက် နားလည်မှုရှိပြီး
တိုင်းရင်းသားကလေးငယ်များ၏
ပညာရရှိရေးအတွက် စည်းရုံးတင်ပြ
ခဲ့ရပါသည်။



ဥပမာအားဖြင့် - ဆရာအင်အား
မလုံလောက်မှုကိစ္စများ၊
ဆရာဆရာမများအား ကူညီထောက်ပံ့ရေး
ကိစ္စများ ဖြစ်ပါသည်။

တိုင်းရင်းသားရေးရာဝန်ကြီးများကလည်း
ကျေးရွာနှင့်ပညာရေးဝန်ထမ်း
တက်ညီလက်ညီဖြစ်စေရေး
ပြောကြားပေးသဖြင့် ရင်အေးခဲ့ရပါသည်။

ကိစ္စများအားလုံးအားဖော်ပြပါက
စာလေးမည်စိုးသဖြင့်
ထူးခြားသည့်ကိစ္စတစ်ခုအား
တင်ပြလိုပါသည်။

ကျေးရွာသူကြီးတစ်ဦးမှ
မေးမြန်းလာခြင်းဖြစ်ပါသည်။
၎င်းတို့ရွာ အမကခွဲကျလာသော်လည်း
အစိုးရဆရာ ခုထိမရောက်လာကြောင်း
မေးလာခြင်းဖြစ်ပါသည်။

လွှတ်တော်တွင်လည်း အကြိမ်ကြိမ်
ဖြေရှင်းခဲ့ရသည်ကို တီဗွီမှန်သားပြင်မှ
လည်းကောင်း သတင်းစာများတွင်လည်းကောင်း
အွန်လိုင်းပေါ်တွင်လည်းကောင်
ကျွန်တော်အကြိမ်ကြိမ် ကြားသိဖတ်ရှုပြီး
ဖြစ်ပါသည်။

ယင်းနေ့က ကျွန်တော် ကိုယ်တွေ့ကြုံခဲ့ရပြီ
ဖြစ်ပါသည်။ ၀န်ကြီးဌာန၏ ဘတ်ဂျတ်အခြေအနေအရ
ဆိုသည်ကို သူတို့နားလည်အောင် အတော်
ရှင်းလိုက်ရသလို မိမိစေတနာနှင့် ဝေးလံခေါင်ဖျား
ဒေသများ အခြေခံပညာကျောင်းများဖြစ်တည်ရေး
ကြိုးစားနေမှုကို ရှင်းပြလိုက်သဖြင့် သူတို့နားလည်
သွားကြပါသည်။

အဆိုပါနေ့ အခမ်းအနားတွင်
အားလုံးအဆင်ပြေချောမွေ့သော်လည်း
အပြန်လမ်းတစ်လျှောက်တွင် မနားနိုင်ဘဲ
မိမိတို့ ဌာနအခြေခံပညာမူလတန်းကျောင်းများမှ လိုအပ်သည့်
ကျောင်းတစ်ကျောင်းကို ကိုယ်တိုင်
ဝင်ရောက်ဆုံးမခဲ့ရပါသည်။

လက်ထောက်မြို့နယ်ပညာရေးမှူး
တစ်ဦးသည် ကျောင်းစစ်ဆေးခြင်းတွင်သာမက
ဤကဲ့သို့သော အခြေအနေများ
ကြုံကြိုက်လျှင် မိမိဌာနကိုယ်စား
သေချာစွာ သိရှိနားလည်သဘောပေါက်ပြီး
ဖြေရှင်းနိုင်ရန်လိုအပ်ပါသည်။

နောက်နောင်အခြေအနေပေးပါက
ယခုကဲ့သို မိမိဌာနမဟုတ်ဘဲ
တာဝန်ရှိလူကြီးများနှင့် ဆွေးနွေးတင်ပြ
ဆောင်ရွက်ခဲ့ရသည်များကို
မှတ်တမ်းတင်သွားပါမည်။

လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့

Saturday, April 14, 2018

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး (၅)



ကျွန်တော်သည် တာချီလိတ်မြို့နယ်တွင်
 မူလတန်းပြမှ လက်ထောက်မြို့နယ်ပညာရေးမှူး
ရာထူးတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
အထိ လုပ်သက်၂၈ နှစ်တိုင်ရောက်ခဲ့ပြီ
ဖြစ်ပြီး ဌာနတွင် PE , DE စစ်ဆေးခံရမှု
လုံးဝမရှိခဲ့ပါ။ သို့သော်လည်း စစ်ဆေးသည့်
အဖွဲ့များတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း
မှုတွဲ အစအဆုံးစီစဉ်ကူညီသူအဖြစ်
လည်းကောင်းအကြိမ်ကြိမ် ဆောင်ရွက်
ရသလို ကြီးတဲ့အမှုငယ်အောင်
PE DE အဆင့်မရောက်ဘဲ
အတတ်နိုင်ဆုံး ပျောက်ပြယ်သွားအောင်း
ကူညီနိုင်သလောက် ကူညီပေးခဲ့ရသည့်
အမှု ဖြစ်စဉ်များလည်း များစွာ တွေ့ကြုံ
ရင်ဆိုင်ခဲ့ရပါသည်။




မိမိအနေဖြင့် ကြီးသည့်အမှု
ငယ်အောင်ဆောင်ရွက်ခဲ့ရသည့်
အများစိတ်ဝင်စားနိုင်သည့်
လက်ထောက်မြို့နယ်ပညာရေးမှူးဘဝ
ပညာရေးအမှု ဖြစ်စဉ်အနည်းငယ်
အား အကျဉ်းချုပ်ဖော်ပြပါမည်။




ကျွန်တော်တို့ မြို့နယ်တွင်
လာရောက်တာဝန်ထမ်းဆောင်သည့်
မြို့နယ်ပညာရေးမှူးနှင့်ပညာရေးဌာန
လူကြီးများကြောက်သည့် ပညာရေးဝန်ထမ်း
အချို့ ရှိပါသည်။




ကြောက်ရသည်ဆိုသည်မှာလည်း
အကျင့်စာရိတ္တကောင်း၍လည်းမဟုတ်
ထူးချွန်ထက်မြက်၍လည်းမဟုတ်
လူတကာအော့ကြောလန်
မဟုတ်တာ မမှန်တာ မကောင်းတာကို
အရှက်သိက္ခာမငှဲ့ဘဲလုပ်တတ်သလို
ပညာရေးဌာန၏ ချီးထုပ်များဟုပင်
ခေါ်ရမလောက်သူများဖြစ်သဖြင့်
လူကြီးများမှာလည်း မလုပ်မရှုပ်
မပြုတ် ဟူသောအယူအဆကြောင့်
လည်းကောင်း အမှန်တရားအတွက်
အမုန်းမခံလိုသောကြောင့်လည်းကောင်း
ပြတ်ပြတ်သား မဆောင်ရွက်သောကြောင့်
ဝန်ထမ်းသက်ရှည်နေခြင်း ဖြစ်ပါသည်။





သူတို့ကိုယ်သူတို့ လုပ်ရပ်သည်
မှားရဲ့သားနှင့် အမှားဟုမယူဆဘဲ
လုပ်ချင်ရာလုပ်နေသောသူများဖြစ်ပါသည်။





ယခုပထမဆုံး တင်ပြမည့်
အမှုဖြစ်စဉ်တစ်ခုတွင်လည်း
ရောက်သည့်နေရာတွင်
အမြဲပြဿနာပေါ်သော
မဟုတ်မမှတ် မတရားအမြဲလုပ်သော
ကျောင်းလုပ်ငန်းများတွင်တာဝန်မကျေသော
လုပ်သက်၉နှစ် ကျောင်း၉ကျောင်းမျှ
ပြောင်းပေးနေရသော မူအုပ်တစ်ဦး
ဆိုင်ရာ အကြောင်းပင်ဖြစ်သည်။

မြို့နယ်အတွင်းတွင်
တိုင်းရင်းသားပေါင်းစုံနေထိုင်သဖြင့်
သူသည် လားဟူ၊အခါ၊ရှမ်း
စသည်ကျောင်းပေါင်းစုံတွင်
နေခဲ့ပြီးဖြစ်သူဖြစ်ပါသည်။

သူမှားသော်လည်း
မည်သည့်မြို့နယ်ပညာရေးမှူး
ပညာရေးဌာနအရာရှိ
အုပ်စုမှူးနယ်မြေမှူးများကိုမှ
လေးစားစွာ ဆက်ဆံခြင်း
မရှိဘဲမောက်မာသူလည်း
ဖြစ်ပါသည်။

ကျွန်တော်ဖြေရှင်းရသည့်အခေါက်တွင်
မြို့နယ်ပညာရေးမှူးက
မြို့နယ်ခြား ရန်ကုန်သို့ခရီးထွက်ခါနီး
တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး
ရပ်ရွာမှတိုင်ကြားလာသောကြောင့်
ဖြစ်ပါသည်။

မိမိစစ်ဆေးသောကျောင်းမဟုတ်သော်လည်း
အခြားစစ်ဆေးရေးအရာရှိ
တာဝန်ယူဖြေရှင်းနိုင်မည်မဟုတ်ကြောင်း
နားလည်သဖြင့် မိမိကို
တာဝန်ပေးခဲ့ခြင်းလည်းဖြစ်ပါသည်။

မိမိအနေဖြင့်အဆိုပါကျောင်းအုပ်
တာဝန်ကျသည့်ဒေသ အုပ်စုမှူး
ကျောင်းအုပ်ကြီး၊နယ်မြေမှူးကျောင်းအုပ်ကြီး
များကို လိုက်ပါစေပြီး အဆိုပါကျောင်းရှိရာ
ကေျးရွာသို့ ရောက်ရှိခဲ့ကြပါသည်။

ရပ်ရွာဒေသလူကြီးများ၊မိဘကျောင်းသားများ
အဆိုပါကျောင်းအုပ်နှင့်လက်ထောက်ဆရာဆရာမများကို
ခေါ်ယူပြီး အခြေအနေများကို
လေ့လာသုံးသပ်သည့်အခါ
အခြေအနေမှန်ဖြစ်နေပြီ
မိမိတို့ကျောင်းအုပ် အပြစ်ထင်ရှားနေသဖြင့်
မလိုလားအပ်သည့် ပြဿနာများ
မဖြစ်ပေါ်စေရေးအတွက်
နယ်မြေမှူးကျောင်းတွင်
အဆိုပါကျောင်းအုပ်အား
တွဲဖက်ထားရှိရန် အပြန်တွင်
တပါတည်းခေါ်ယူခဲ့ရပါသည်။
အဆိုပါ ပညာရေးဝန်ထမ်းသည်
ယခုအခါ မြို့နယ်ခြားပြောင်းရွှေ့
သွားသဖြင့် မိမိတို့မြို့နယ်အတွက်
မြို့နယ်က ကလေးများအတွက်
စိတ်အေးသွားခဲ့ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

လေးစားလျက် - ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်






Friday, April 13, 2018

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး (၄)


ကျွန်တော် တာချီလိတ်မြို့နယ်တွင်(၁.၁.၂၀၁၅)မှ
ယနေ့(၁၄.၄.၂၀၁၈) အထိ တာဝန်ထမ်းဆောင်သည့်
ကာလများတွင် UWS အဖွဲ့အစည်း
လှူဒါန်းကြိုးစားမှုကြောင့်လည်းကောင်း
ဝေးလံခေါင်ဖျားဒေသများမှ ကျောင်းများစွာ
အစိုးရမူလတန်းကျောင်းများဖြစ်လာသလို
ဒေသခံတိုင်းရင်းသားများအနေဖြင့်လည်း
မူလတန်းကျောင်းအသစ်များလျှောက်ထားလာသဖြင့်
ပေါ်ပေါက်လာသော မူလတန်းကျောင်းများလည်း
အဆင့်တိုးခွင့်ပြုလာခဲ့ရာ စုစုပေါင်း မူလတန်း
ကျောင်း(၂၀) ကျောင်းအဆင့်တိုးခွင့်ရရှိခဲ့ပါသည်။


လက်ထောက်မြို့နယ်ပညာရေးမှူးမှာလည်း
တာချီလိတ်မြို့နယ်တွင်
မိမိတစ်ဦးတည်းရှိရာက
(ယခင်ကနှစ်ပေါင်း၄၀နီးပါးလည်း
တစ်ဦးတည်း) နှစ်ဦး ရှိလာခဲ့ပါသည်။


မိမိအနေဖြင့် မိမိ စစ်ဆေးရန်
တာဝန်ကျသည့် ဝေးလံခေါင်ဖျား
ကျောင်းများသို့ ယနေ့ထိ
တာဝန်ကျကာလအားလုံး
မဖြစ်မနေ သွားရောက်စစ်ဆေး
ကူညီပံ့ပိုး၍ ပညာရေးအကျိုး
ဆောင်ခဲ့ပါသည်။


မိမိက ခဏတာသွားရောက်ကြီးကြပ်
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အချိန်ပြည့်
တာဝန်ယူနေကြသည့် ကျောင်းအုပ်နှင့်
လက်ထောက်ဆရာဆရာမများကို
စောင့်ရှောက်ရေး၊သက်ဆိုင်ရာဒေသ
ကျောင်းသားကျောင်းသူများ
ပညာတတ်မြောက်ရေးအတွက်
ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်ပေးရေး
စသည့် လက်ထောက်မြို့နယ်ပညာရေးမှူးသည်
ကျောင်းစစ်ဆေးရေးအဓိကဖြစ်သည်ဟူသော
အရေးကြီးကိစ္စကို အမြဲဦးစားပေးခဲ့ပါသည်။


မိမိတို့အထက်အကြီးအကဲများက
တင်းကြပ်သည့်ဖိအားမရှိသော်လည်း
ကျန်းမာရေးကောင်းပါက စစ်ဆေးရေးတာဝန်ကို
မိမိအသိဖြင့် ၁၀၀%ကျေပွန်အောင်
ထမ်းဆောင်ခဲ့ပါသည်။


မိမိမူလတန်းကျောင်းအုပ်တာဝန်ဖြင့်
ဝေးလံခေါင်ဖျားဒေသတွင်
တာဝန်ကျစဉ်က ခြောက်နှစ်ကျော်တွင်
တစ်ကြိမ်တစ်ခါမှ လက်ထောက်မြို့နယ်ပညာရေးမှူး
ဆိုသူကို မမြင်ခဲ့ရခြင်းမျိုး
လုံးဝမဖြစ်စေလိုသော စိတ်ဓာတ်နှင့်
လည်း ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။


လူငယ်ဘ၀ မိဝေးဖဝေးနေကြရသည့်
လူငယ်ပညာရေးဝန်ထမ်းများသည်
ပညာရေးဌာန၏ ကြီးကြပ်မှု
အလှမ်းဝေးသည့်အခါ
အကျင့်စာရိတ္တပျက်ယွင်းခြင်း
သင်ကြားရေးလုပ်ငန်းများတွင်
တာဝန်မကျေတော့ခြင်း
ကျန်းမာရေးစောင့်ရှောက်မှု
အကူအညီအခက်အခဲဖြစ်နေခြင်း
ရပ်ရွာနှင့် မသင့်တင့်ခြင်း
ဆရာဆရာမအချင်းချင်းပြဿနာများ
စသည် ကိစ္စများစွာသည်
ပညာရေးဌာနအကြီးအကဲက
ထိတွေ့မှုအားနည်းသည့်အခါ
မဖြစ်သင့်သည့်ကိစ္စများ ဖြစ်ပေါ်လျက်
ကလေးများ ပညာတတ်ဖို့ဆိုသည်
များစွာအခက်အခဲဖြစ်နိုင်ကြောင်း
မိမိကိုယ်တိုင် ဖြတ်ကျော်ခဲ့သည့်
ပညာရေးဝန်ထမ်းဘ၀တွင်
တွေ့ခဲ့ရသည့်အတွက်
ပညာရေးဝန်ထမ်းများ
စိတ်ဓာတ်မပျက်စီးစေရေး
ကျောင်းသားကျောင်းသူများ
အမှန်တကယ်ပညာရရှိစေရေးဟူသည့်
စေတနာများစွာဖြင့် ကျောင်းများကို
ကွင်းဆင်းကြီးကြပ်ခြင်းပြုလုပ်ခဲ့ခြင်း
ဖြစ်ပါသည်။


ထို့အပြင် မြန်မာနိုင်ငံ ပညာရေး
သင်ရိုးသစ်ကိုအကောင်အထည်ဖော်ချိန်တွင်
လက်ထောက်မြို့နယ်ပညာရေးမှူး
ဖြစ်လာရသည့်အတွက်
လက်ရှိစတင်ပြောင်းလဲနေပြီဖြစ်သော
ကေဂျီ+ပထမတန်းအား လမ်းမလွဲစေဘဲ
လမ်းညွှန်ချက်နှင့်မသွေဖီဘဲ
ဝေးလံခေါင်ဖျားဒေသများမကျန်
ပညာရေးစနစ်သစ်၏
လမ်းမှန်ပေါ်တွင် လျှောက်လှမ်းနိုင်ရန်
ကျောင်းများအားလုံးသို့ အရောက်
စစ်ဆေးကြီးကြပ်အကဲဖြတ်
ကွင်းဆင်းခဲ့ခြင်းဖြစ်ပါသည်။



အချို့ဝေးလံခေါင်ဖျားကျောင်းများမှာ
ကားကိုပင် လုံးဝမမြင်ဘူးလောက်အောင်
ခေါင်ပြီး တောကောင်းများရှိသေးသည့်
နေရာများဖြစ်ပါသည်။





ထို့ပြင် ကားလမ်းနဘေးတွင်
ဘိန်းပင်များပင် လွတ်လပ်စွာ
စိုက်ပျိုးနေသည့်အခြေအနေရှိသည့်
ပညာရေးသင်ကြားမှုနှင့်အကင်းဝေးသော
ဒေသများလည်းဖြစ်ပါသည်။


လက်ထောက်မြို့နယ်ပညာရေးမှူးတစ်ဦးသည်
ကျောင်းများကိုစစ်ဆေးရာတွင်
ရုံးခန်းတွင် ထိုင်၍ဘဲ စစ်ဆေးမှုပြုရမည်မဟုတ်ပါ။


ကျောင်း၏ ရုပ်ပိုင်း သန့်ရှင်းရေးပိုင်း သင်ကြားရေးပိုင်း
များစွာကို ကျောင်းအုပ်ကြီး၊ဆရာဆရာမများ
၊ကျောင်းသားကျောင်းသူများနှင့်
တိုက်ရိုက် ထိတွေ့စစ်ဆေးပြီး လည်းကောင်း
ရပ်ရွာလူကြီးတာဝန်ရှိသူများအား တွေ့ဆုံ
ပေါင်းစပ်ညှိနှိုင်းပေးခြင်းများကိုလည်းကောင်း
စနစ်တကျ ဆောင်ရွက်ပြီး
ကျောင်းစစ်ဆေးချက်မှတ်တမ်းတွင်
ရေးသားမှာကြားပြီး မြိုနယ်ပညာရေးမှူးထံ
ကူညီပေးနိုင်သည်များကို
ဆက်လက်တင်ပြကူညီပေးခြင်း
ပြုပြင်ရန်ရှိသည်များကို မှတ်တမ်းထားရှိ
ကြီးကြပ်ဆောင်ရွက်ခြင်းများလည်း
ပြုလုပ်ရသည့် အတွက်
တကယ်ဆောင်ရွက်ပါက
တကယ်ကျောင်းများ ပြုပြင်ပြောင်းလဲ
တိုးတက်လာသည်ကို
မိမိစစ်ဆေးသည့်ကျောင်းများကို
လေ့လာ၍ သိရှိဝမ်းသာခဲ့ရပါသည်။


သို့သော်လည်း နှစ်စဉ်
တာဝန်ကျ လက်ထောက်မြို့နယ်ပညာရေးမှူးများ
စနစ်တကျ မကြီးကြပ်ပါက
အဆင်မပြေသောကျောင်းများကိုလည်း
တွေ့ရပါသည်။
အဆိုပါကျောင်းများမှာ
ဒေသမှမပြောင်းတော့ဘဲ
ကိုယ့်ကျိုးစီးပွားကိုသာ
အဓိကဆောင်ရွက်နေသာ
ခွေးမြီးကောက် ကျီတောက်စွပ်
အကျင့်စာရိတ္တပျက်ယွင်းနေသော
လူကြီးအား လာဘ်လာဘနှင့်
မြူဆွယ်ဖျက်ဆီးတတ်သော
လုပ်သက်ရင့်  ကျောင်းအုပ်ဆိုးကြီးများ
ရှိသောကျောင်းများနှင့်
ဆရာ မတည်မြဲသော ကျောင်းများပင်
ဖြစ်ပါသည်။



မည်သို့ပင်ဖြစ်စေကာမူ
ကျွန်တော်သည်
လက်ထောက်မြို့နယ်ပညာရေးမှူး
တစ်ယောက်တာဝန်ဖြင့် ယနေ့အထိ
ကာလများအတွင်း တာချီလိတ်မြို့နယ်
အတွင်းရှိ မိမိစစ်ဆေးရန်တာဝန်ရှိသည့်
ကာလအတွင်း စစ်ဆေးခဲ့သည့်ကျောင်းများအား
စေတနာအပြည့်အ၀ဖြင့်
စိတ်ဓာတ်စည်းကမ်းပညာပြည့်ဝသော
ပညာရေးဝန်ထမ်းကောင်းများဖြစ်လာရေး
ကျောင်းသားကျောင်းသူများ
ပညာရည်ပြည့်ဝရေးအတွက်
အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်
မိမိ၏အကျင့်စာရိတ္တအား အပွန်းပဲ့မခံဘဲ
ဆောင်ရွက်ခဲ့ပါကြောင်း
မှတ်တမ်းတင်အပ်ပါသည်။


စာကြွင်း - လက်ထောက်မြို့နယ်ပညာရေးမှူး
တစ်ဦးသည် မိမိတာဝန်ကျသည့်ကျောင်းများ
သဘာဝဘေးဒဏ်သင့်သည့်အခါ
အလျင်အမြန်ကူညီစောင့်ရှောက်ရပါသည်။
ဤပို့စ်တွင်ပါဝင်သောဓာတ်ပုံတစ်ပုံမှာ
မိမိတာဝန်ထမ်းဆောင်စဉ်ကာလ
မိုင်းပါလျိုးဒေသရေဘေးကူညီဆောင်ရွက်စဉ်က
ပုံလေးဖြစ်ပါသည်။
အဆိုပါရေဘေးသင့်ကျောင်းသုံးကျောင်းအား
ပြည်နယ်ပညာရေးမှူး၏ တာဝန်ပေးချက်အရ
ဂျပန်အစိုးရမှ အဆောက်အဦများထောက်ပံ့နိုင်ရေး
အတွက် မိမိကြိုးစားဆောင်ရွက်မှုကြောင့်
ထိုစဉ်က မူလွန်နမ့်ကိုင်း၊မ၀မ်မီးမိုင်၊မနမ့်ဖျန်
တို့မှာ ထယ်ဝါခိုင်ခန့်ခန့်ညားသော
သဘာဝဘေးဒဏ်ခံနိုင်သည့်ကျောင်းဆောင်ကြီးများဖြင့်
ကျောင်းသားကျောင်းသူများ ပညာသင်ကြားခွင့်
ရရှိခဲ့ပြီဖြစ်ပါသည်။


လေးစားလျက် - ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်

Thursday, April 12, 2018

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး (၃)


ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး
တာဝန်စတင်ယူစဉ်ကာလတွင် ပညာရေးအတွက်
ထိတွေ့ ကူညီဆောင်ရွက်ခဲ့ရသည့်အဖွဲ့တစ်ခုမှာ
United World Schools အင်္ဂလန်အခြေစိုက်
ပညာရေးကူညီမှုအဖွဲ့အစည်းဖြစ်ပါသည်။


အဆိုပါအဖွဲ့အစည်းအနေဖြင့် မြန်မာ၊ကမ္ဘောဒီးယား
နီပေါနိုင်ငံများရှိ ပညာသင်ခွင့်မရသည့်ဒေသတွင်
ကျောင်းများကိုဆောက်လုပ်ပေးခြင်း၊ဆရာဆရာမများကူညီ
ပံ့ပိုးခြင်း စသည်လိုအပ်သည်များကူညီပြီး အစိုးရမှ
အသိအမှတ်ပြုကျောင်းဖြစ်သောအခါ အခြား
ပညာသင်ခွင့်မရသည့် ဝေးလံခေါင်ဖျားဒေသများမှ
ကလေးငယ်များအတွက် ထပ်မံကျောင်းများရှာဖွေ
ဆောက်လုပ်ကူညီသည့်အဖွဲ့ဖြစ်ပါသည်။


အဖွဲ့ဟုဆိုသော်လည်း ကျွန်တော်နှင့်စတင်
တွေ့ရှိဆောင်ရွက်ရသည့်အချိန်တွင်
နိုင်ငံခြားသားတစ်ဦးနှင့် စကားပြန်တစ်ယောက်သာ
ဖြစ်ပါသည်။


ပညာရေးဝန်ကြီးဌာနနှင့် စာချွန်လွှာ လက်မှတ်
ရေးထိုးထားသည်ဆိုသော်လည်း
အဖွဲ့အစည်းပုံစံ မြန်မာပြည်တွင်
ကောင်းစွာမလုပ်နိုင်သေးဘဲ
ဆောင်ရွက်နေခြင်းဖြစ်ပါသည်။


ကျွန်တော်နှင့်အတူ တာဝန်ရှိသူများ
လိုက်ပါပြီး ကွင်းဆင်းရင်း
စနစ်တကျ မြန်မာပြည်နယ်ခံ
ပညာရေးဆိုင်ရာ ဆောင်ရွက်နိုင်သူများအား
အဖွဲ့ပုံစံပေါ်လွင်ပြီး ဆောင်ရွက်မှ
အောင်မြင်နိုင်မည်ကို အကြံပေးမိခဲ့ပါသည်။


မိမိအကြံဥာဏ်ပေးသည့် နောက်ပိုင်း
ဝန်ထမ်းခန့်ထားခြင်းနှင့်အတူ
ကျောင်းများ တိုးတက်ဆောက်လုပ်ကူညီခြင်း
လုပ်အားပေးဒေသခံဆရာမများစွာ ခန့်ထား
ထောက်ပံ့ခြင်းကြောင့် တာချီလိတ်မြို့နယ်
ဝေးလံခေါင်ဖျားဒေသများတွင်
ကိုယ်ထူကိုယ်ထကျောင်းများစွာ ပေါ်ထွန်းလာပြီး
ယခု၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်
အဆိုပါကိုယ်ထူကိုယ်ထကျောင်းများမှ
မူလတန်းကျောင်းခွဲ(၇)ကျောင်းအထိ
အစိုးရကျောင်းဖြစ်လာကြပြီဖြစ်ပါသည်။
အဆိုပါကျောင်းများမှာ
(၁)မခွဲ ဟွေအယ်
(၂)မခွဲကျတဲတိုဘို
(၃)မခွဲဝိန်းဝ
(၄)မခွဲလော်ရှာရှီး
(၅)မခွဲပါတောင်းပလောင်
(၆)မခွဲနောင်ကျန့်ပလောင်
(၇)မခွဲဟွေဟွယ်တို့ဖြစ်ပါသည်။
အစိုးရမူလတန်းကျောင်းခွဲဖြစ်ပြီး
ဖြစ်သည့် မခွဲပါဘီး ကိုလည်း
ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း
ခဲ့ပါသည်။
၂၀၁၈-၂၀၁၉ တွင် စတင်သင်ကြားမည်
ဝေးလံခေါင်ဖျား နောင်တောင်းပလောင်
ကိုယ်ထူကိုယ်ထကျောင်းဆောင်ကိုလည်း
ဆောက်လုပ်ပြီးဖြစ်ပါသည်။
အဆိုပါအဖွဲ့အစည်း၏ တာချီလိတ်ဒေသ
ပညာရေးလှူဒါန်းကူညီခြင်းများနှင့်အတူ
မိမိသည်လည်း တာဝန်အရလည်းကောင်း
စေတနာအရလည်းကောင်း
အပြည့်အ၀လိုက်ပါကူညီခဲ့ပါသည်။
မိမိကျွမ်းကျင်သောဘာသာစကားဖြင့်လည်းကောင်း
ရပ်ရွာဒေသမှ တက်ကြွစွာ
ပညာရေးကို ပါဝင်လာစေရန်လည်း
စည်းရုံးပေးခဲ့ပါသည်။
အဆိုပါအဖွဲ့အစည်းမှ လုပ်အားပေးဆရာ
ဆရာမများ ပညာရေးစနစ်သစ်အား
သင်ကြားပေးနိုင်ရေးအတွက်
ဌာနသင်တန်းများအား တက်ရောက်နိုင်ရေး
အပြင် အဆိုပါအဖွဲ့အစည်းနှင့် UWS လုပ်အားပေး
ဆရာဆရာမများ အားလပ်ရက်များတွင်
ပညာရေးဆိုင်ရာ သိသင့်သည့်
ဆရာဆရာမစွမ်းဆောင်ရည်မြင့်မားရေး
ဆိုင်အရာအသိသညာများကိုလည်း
လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
အဆိုပါအဖွဲ့အစည်း၏ နိုင်ငံခြားသား
တာဝန်ရှိသူများ ပညာရှင်များ
အလှူရှင်များ ဖြစ်သည့်
အင်္ဂလန်နိုင်ငံသား၊ကိုရီးယားနိုင်ငံသားများ
နှင့်အတူ ကျောင်းများသို့ကွင်းဆင်း
ကူညီပံ့ပိုးခွင့်ရရှိမှုများသည်
ကျွန်တော်တို့ မြန်မာအတွက်
အကြံဥာဏ်ကောင်းများ ရရှိစေခဲ့ပါသည်။
အဆိုပါအဖွဲ့အစည်းသည်
ယခုအခါ တာချီလိတ်မြို့နယ်တွင်သာမက
မိုင်းဆတ်၊မိုင်းဖြတ်၊မိုင်းယောင်းမြို့နယ်များ
တွင်ပါ ဝေးလံခေါင်ဖျားဒေသကလေးများ
ပညာသင်ကြားနိုင်ရေး ဆက်လက်
ဆောင်ရွက်နေပါသည်။
ယခုဖော်ပြချက်များသည်
လက်ထောက်မြို့နယ်ပညာရေးမှူးအဖြစ်
တာချီလိတ်မြို့နယ်တွင်
ကျွန်တော်တာဝန်ယူခဲ့သည်
(၁.၁.၂၀၁၅ မှ ၁၃.၄.၂၀၁၈)
ကာလတွင်း အခြေအနေများကို
အကျဉ်းမျှသာတင်ပြခြင်းဖြစ်ပါကြောင်း
တင်ပြခြင်းဖြစ်ပါသည်။

လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်

Wednesday, April 11, 2018

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး (၂)


အပိုင်း(၁) အနေဖြင့်
လက်ထောက်မြို့နယ်ပညာရေးမှူး
ဆိုသည်မှာ ဟူ၍ တင်ပြခဲ့ပြီး
အလုပ်များသဖြင့်လည်းကောင်း
အခြေအနေအကြောင်းကြောင်းကြောင့်
ဆက်လက်မရေးဖြစ်ခဲ့ဘဲ
ယနေ့ ဆက်လက်တင်ပြခြင်း
ဖြစ်ပါသည်။

ရာထူးတိုးစာမေးပွဲ အောင်မြင်ပြီ
ဖြစ်သဖြင့် ဆက်လက်တာဝန်ယူရမည့်
ရာထူးဆိုင်ရာအတွေ့အကြုံများကိုလည်း
ဆက်လက်ရေးသားရမည်
ဖြစ်သဖြင့် လက်ထောက်မြို့မှူးဘဝ
ယနေ့ထိ ၃နှစ်၃လနှင့်၁၁ရက်ရှိခဲ့ပြီ
ဖြစ်ပြီး တင်ပြရန်ကား မကုန်ခမ်း
နိုင်ကြောင်း ဦးစွာတင်ပြလိုပါသည်။

ကျွန်တော်သည် တာချီလိတ်မြို့နယ်တွင်

လက်ထောက်မြို့နယ်ပညာရေးမှူး
တာဝန်မယူခင်ကတည်းက
လက်ထောက်မြို့မှူးဆိုသည်မှာ
မူလတန်း/မူလွန်ကျောင်းအုပ်ကြီးဘ၀ဖြင့
များစွာ ကြုံဆုံဆက်ဆံခဲ့ရသဖြင့်
အကောင်းပြောမခံရသော
ရာထူးလိုလိုဖြစ်ကြောင်း
သိရှိနားလည်ပြီးဖြစ်ပါသည်။
မိမိရာထူးတာဝန်ကို
ကျေပွန်အောင်လုပ်ဆောင်သည့်
အခြေအနေနည်းသည့် ရာထူး
တစ်ခုဆိုသည်ကိုသိရှိနားလည်
သဖြင့် မိမိစံနမူနာပြ
လုပ်မည်ဟု ဆုံးဖြတ်ပြီး
လက်ထောက်မြို့နယ်ပညာရေးမှူး
ရာထူးကို လျှောက်ထားရယူ
နိုင်ခဲ့ခြင်းလည်းဖြစ်ပါသည်

အထက်လူကြီးမှလည်း
အထင်သေးသလို
လက်အောက်ငယ်သားများကလည်း
ရွံရှာမှုဖြစ်ခံရသည့် ရာထူးရှင်များပါသည်။
အများစုမှာလည်း အကျင့်စာရိတ္တ
ကို မထိန်းနိုင်သော သမာသမတ်ကျမှု
အားနည်းသူများဖြစ်နေသလို
ဖြစ်သဖြင့် ကောင်းသည့်
လက်ထောက်မြို့မှူးများမှာလည်း
ပြန်မပြောသာ ငြိမ်ငြိမ်လေး
နေရရသောရာထူးဖြစ်ပါသည်။
(ယခင်က ရာထူးနေရာခန့်ထားမှု
နည်းသောကာလကလက်ထောက်မြို့မှူး များကို
အဓိကဆိုလိုချင်ပါသည်။)

ထို့ကြောင့် အဆိုပါရာထူးတွင်
ကြာကြာမနေသင့်သလို
လုပ်ငန်းသဘောကို
နှစ်သက်သော်လည်း
အများအမြင်အရအဆင်မပြေသဖြင့်
ရာထူးတိုး ယူရခြင်းလည်း
ဖြစ်သလို အားနည်းသည့်
လက်ထောက်မြို့မှူးများအား
စည်းရုံးပြုပြင်နိုင်သည့်
တာဝန်ရယူလိုသဖြင့်လည်း
ကျွန်တော့်အနေဖြင့်
ရာထူးတိုး လျှောက်လိုက်ရခြင်း
ဖြစ်ပါသည်။




ယခု ပုံပါအခြေအနေများနှင့်
လက်ထောက်မြို့နယ်ပညာရေးမှူး
အတွေ့အကြုံလေးကို အပိုင်း(၂)တွင်
စာရှုသူ ပျင်းမည်စိုးသဖြင့်
အတတ်နိုင်ဆုံး
တင်ပြပါမည်။

လက်ထောက်မြို့နယ်ပညာရေးမှူး
တာဝန်ယူပြီး တစ်နှစ်မပြည့်မီ
ရက်တစ်ရက်တွင်ဖြစ်ပါသည်။
မြို့နယ်ပညာရေးမှူးကြီးက
သူအခြား အရေးကြီးကိစ္စ
ပေါ်လာသဖြင့် ကျောင်းတစ်ကျောင်း
နှင့်ပတ်သက်၍ အရေးကြီး
အစည်းအဝေးတစ်ခု
ရွာတစ်ရွာတွင် ခေါ်ထားခြင်းအား
မိမိကိုယ်စား တက်ရောက်ဆောင်ရွက်
ပေးပါရန် တာဝန်ပေးအပ်သဖြင့်
ရောက်ရှိခဲ့ပါသည်။




လူကြီးမှ အကျိးအကြောင်း
အသေးစိတ်မပြောဘဲ
တာဝန်ပေးခြင်းဖြစ်ပြီး
မိမိတာဝန်ယူစစ်ဆေးရသည့်
ကျောင်းမဟုတ်ခြင်းကြောင့်
အဆိုပါပြဿနာကို လုံးဝမသိဘဲ
ရောက်ရှိခဲ့ရပါသည်။

ကံကောင်းသည်မှာ
အစည်းအဝေးရောက်ရှိသည်နှင့်
ရပ်ရွာလူကြီးများမှာ
လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က
ခင်မင်ခဲ့သူများဖြစ်ခြင်း
အကျိုးအကြောင်းညှိနှိုင်း၍
ရခြင်းကြောင့် ကျောင်းသား
ကျောင်းသူများ ပညာရရှိရေး
ကျောင်းသားဆရာပြေလည်မှုရရှိရေး
ကျောင်းဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ
ဆွေးနွေးနိုင်ခဲ့ပြီး ယနေ့အချိန်တွင်
ရပ်ရွာဒေသမှ လိုလားသော
အခြေအနေကောင်းများဖြင့်
တည်ငြိမ်တိုးတက်ကောင်းမွန်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါနေ့က
မိမိမဟုတ်ဘဲ
မြို့နယ်ပညာရေးမှူးကိုယ်တိုင်မဟုတ်ဘဲ
၎င်းတို့ မုန်းတီးနေသော
ယခုမရှိတော့သော ယခင်က
တာဝန်ယူခဲ့သည့်
လက်ထောက်မြို့နယ်ပညာရေးမှူးဆိုပါက
ခေါင်းနှင့်ကိုယ် အိုးစားကွဲမည့်အခြေအနေ

များကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။
ဓာတ်ပုံလေးများ ကြည့်ပါက
ရိပ်စားမိပေမည်။

တာဝန်ရှိသူအနေဖြင့်
တာဝန်ခံပြီး ကြီးတဲ့အမှု
ငယ်အောင် ငယ်တဲ့အမှုပပျောက်အောင်
အများနှင့်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်သင့်ပါသည်။

မိမိအား လာဘ်လာဘ
ပေးသူအားမျက်နှာလိုက်ပြီး
ဆောင်ရွက်ခြင်း၏ နောက်ဆက်တွဲ
ပြဿနာဆိုးများကို ကြုံနိုင်သည်ကို
လက်ထောက်မြို့နယ်ပညာရေးမှူး
ဘ၀ တွေ့ကြုံခဲ့ရခြင်း
တစ်ခုအား သတိတရ
မှတ်တမ်းတင် တင်ပြလိုက်ရပါသည်။

လေးစားလျက် - ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်


မှတ်ချက် ။  FACEBOOK POST  အား ကူးယူဖော်ပြခြင်းဖြစ်ပြီး နောင်တစ်ချိန် အချိန်ရရှိပါက အသေးစိတ်ဖော်ပြရေးသားတင်ပြရန် ရှိပါသည်။

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...