Showing posts with label ဆယ်ကျော်သက်က ကဗျာများ. Show all posts
Showing posts with label ဆယ်ကျော်သက်က ကဗျာများ. Show all posts
Sunday, December 29, 2013
အလွမ်းနိမိတ်
ဆရာသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူထက်အများကြီးငယ်တဲ့ ဆရာမတစ်ယောက်ကို ချစ်ခဲ့
သူဖြစ်ပါတယ်။ တစ်ဖက်သတ်ချစ်သူအဖြစ် ချစ်ခဲ့ပြီး ဇန်န၀ါရီလ ကျောင်းကဗန်ဒါပင် အရွက်တွေကြွေ
ပြီဆို သူချစ်ရတဲ့ဆရာမလေးနဲ့ နေ့တိုင်းမတွေ့ရတော့မယ့် နွေရက်ကိုနီးပြီ ဆိုတာသိလို့ သူက
နွေကို မုန်းတယ်လို့ ဆိုခဲ့ဖူးပါတယ်။ သူ့ကိုယ်စား စပ်ဆိုမိတာပါ။
လေးစားလျက် - မှိုင်း(ဓာတု) ၂၈.၁၂.၁၃
Tuesday, March 19, 2013
အချစ်စ
အချစ်စ
ဂုတ်ဝဲတဲ့ ဆံကေသာနဲ့
သွက်လက်တဲ့ မိန်းမပျို
စင်ကြယ်တဲ့ မင်းအလှနဲ့
ယဉ်မြတဲ့ ပြုံးဟန်ရှင်
ရှုံးရန်ပင် တော်လေးပါးဆို
မင်းဆိုတဲ့ လှဘုရင်မ
ဘာနဲ့မှ နှိုင်းနိုင်ဘူးထင်။ ။
ရွှန်းလက်တဲ့ မျက်ဝန်းကြည်
ထွန်းတည်တဲ့ မျက်နှာလွှာ
အေးခြင်းရဲ့ ဂုဏ်ကိုဆောင်
ရိုးစင်းတဲ့ မင်းခြေလှမ်း
လှမ်းလိုက်တိုင်း လျှပ်ရောင်လက်သည်ထင် ။ ။
ကိုယ့်ရင်မှာ တွယ်တာစ
အကြင်နာ တစ်စစတွယ်
ဘယ်လိုပင် ပယ်သော်လည်း
မပြယ်သော ပျိုးမေတ္တာမိုး
ရွာလုလု ပြိုမယောင်ထင်။ ။
မှိုင်း(ဓာတု)
Monday, March 18, 2013
တမ်းတခြင်း(၂)
တမ်းတခြင်း(၂)
နှင်းမှုန်ရီဝါး အရုဏ်နားမှာ
ဝေးလွင့်ကွန်းခို မြကျွန်းညို၌
အတိတ်တွဲတူ ပျော်ခဲ့သူကား
သတိတရ လွမ်းမြမြမို့
ခုကားဝေးကွာ တစ်နယ်ခွာလို့
ချစ်သူနန်းရိပ် ဆိတ်ငြိမ်တိတ်လည်း
အင်းလျားကန်ဘောင် မြကျွန်းသောင်ဝယ်
ကိုယ်လေ တစ်ယောက်တည်းလွမ်းနေတယ်။

နေခြည်မွန်းတည့် ဦးတည်လှည့်မှ
ရှေ့နောက်တောင်မြောက် အလွမ်းရောက်လျှက်
ရင်၌နာကျင် သဲဘ၀င်ကား
နေခြည်ပူလည်း ဂရုမစိုက်
မှိုင်တွေလိုက်နှင့် ..........
ရင်တွင်ပူလည်း နှလုံးလှိုက်လှိုက်
သဲမြိုက်မြိုက်နှင့် ................
ကိုယ့်လွမ်း ဘယ်တော့ပြေပါ့မယ်။
ဆည်းဆာပုဝါ အလှရောင်ခြည်
ပုဇွန်ဆီသို့ နောက်ရပ်ကိုမှ
ဝင်အံ့နေမင်း သူသက်ဆင်းဖို့
မာန်နှင့်တင်းဖြို ကောင်းကင်ညိုသွား
ညလွှာသက်ဖို့ အသင့်ဆိုကြောင့်
ခွဲခဲ့ညနေ မြကျွန်းမြေမှ
လေးတွဲ့ခြေလှမ်း ကိုယ်ယိုင်ရမ်းလျှက်
အားအင်ပျော့နုံး အချစ်ဆုံးရယ်
တို့များ ဘယ်တော့ဆုံကြမယ်။
မှိုင်း(ဓာတု)
၁၉၈၉ တွင်စပ်ဆိုခဲ့ပြီး ၇.၁၂.၁၂ တွင် အနည်းငယ်ပြင်ဆင် ခံစားစပ်ဆိုသည်။
ဆယ်ကျော်သက် တက္ကသိုလ်မှချစ်သူအား ရင်၍ သတိရခြင်း များစွာဖြစ်ပေါ်လာသဖြင့်  ၈.၈.၈၈ ဒီမိုကရေစီအရေးအခင်းများဖြစ်သဖြင့် ကျောင်းများပိတ်ထားစဉ် ပြန်မဖွင့်မီ အမိရန်ကုန်တက္ကသိုလ် အင်းလျားကန်ဘောင်သို့ ခေတ္တရောက်ရှိစဉ် အလွမ်းပြေ ရေးစပ်ခဲ့ပါသည်။
ကျောင်းများ ပြန်ဖွင့်ချိန်တွင် လည်း ကျွန်တော်သည်တာချီလိတ်မြို့နယ်ရှိ မဖွံ့ဖြိုးသေးသောအစွန်အဖျား
ကျသည့် ကျေးရွာလေးရှိကလေးငယ်များ ပညာရေးအတွက် အမိ ရန်ကုန်တက္ကသိုလ်သို့
ပြန်လည်မရောက်ရှိနိုင်တော့ပြီ။
ဘယ်သောအခါမှ ပြန်ဆုံနိုင်ခြင်းမရှိသည်ကို သိရှိသော်လည်း ရင်၌ တမ်းတမှုများသည်ကား ..........?
ထို့အပြင် ဟေမန္တ ဆောင်းရာသီနှင့်လည်း တိုက်ဆိုင်နေပြန်သည်က တစ်ကြောင်း ...........
ယခုတတိယအရွယ်သို့ချဉ်းနင်းဝင်ရောက်သည့် အထီးကျန်ကာလများတွင် အမိတက္ကသိုလ်သို့
အလွမ်းပြေ ပြန်လည်ရောက်ရှိသဖြင့်လည်းကောင်း ..................ဤကဗျာအားဖော်ပြမိပါသည်။
ချစ်ဦးသူအား ပြန်လည်သတိရမိသည့် ကျွန်တော် အပြစ်ရှိသည် ဆိုလျှင်လည်း
ရင့်ကျက်မှုမရှိသေးသူဟု ဆိုလျှင်လည်း ..............................အကျွန်ဝန်ခံရမည်သာ ။
တမ်းတခြင်း(၁)
ဒေ၀ါမိုးခြိမ်း လျှပ်ဆိုးပျက်ထင်
လောကခွင်၌ ကဆုန်မိုးပြေး
ရေဖွေးဖွေးနှင့် စိန်ပန်းစံပယ်
ပွင့်ဟန်ရွယ်ရည် နေလုံးနီပျောက်
တိမ်ရောက်အာကာ ငွေလှိုင်းဖြာသည်
ကဗျာရှင့်ရင် လွမ်းမိသည်။
လွမ်းမိရင်းသာ လွမ်းနေပါလည်း
အလွမ်းသည်းတွင် ထင်ရစ်ပုံလွှာ
တိတ်ကဗျာများ အလွမ်းတွေစု
အသဲနုစဉ် စွဲစိတ်ကြင်နာ
တိတ်ကဗျာများ ပြန်မှန်တမ်းဆို
ချစ်သူကိုလည်း ..........................
လွမ်း.....လွမ်း........ လွမ်းမိပါသည်။

ကာရံမကျ ကဗျာအလှ မေ
ကာရံမလှ ကဗျာဘ၀ မေ
ကာရံမရ ကဗျာမေ့ မေ
ချစ်သူ မေရယ်....
ခုနေခါမှာ......
မိုးချုန်းသံတိတ် အချစ်ဆိတ်၍
တိမ်လွှာလည်းဝေး ချစ်သူပြေးပြီထင်။
မှိုင်း(ဓာတု)
၇.၁၁.၁၂ ၌ အွန်လိုင်းတွင် တင်ပြသည်။
Sunday, March 17, 2013
အချစ်ဦး မို့ အချစ်ရူး

ဆိတ်ငြိမ်သက်ရိပ် ပန်းပွင့်ရက်မြူ
ထက်ကြူလန်းတင့် လှမ်းလင့်လို့ ခြူ
မှန်းချစ်သူရယ်
စိတ်မှာရွယ်စူး မချစ်ဖူးသမို့
ယှဉ်တုပြိုင်ဘက် မယှဉ်တတ်ဘူး
အချစ်ဦးရယ်
ရင်ခုန်သံစ မျက်ဝန်းမှဆုံ
လွမ်းရုံသက်သက် မပြောတတ်သူ
အုံ့ ပုန်းသက်သက် ဖွင့်ဟခက်သူ
အလှနှမ အိပ်မက်ညမူ
ဒီသူ့ဘဝ
တဒင်္ဂတော့ ရူးခဲ့ပြီ။
မှိုင်း(ဓာတု)
အချစ်ဦးအား တန်ဖိုးထားသည့် မြန်မာလူငယ်များအတွက် ရည်ရွယ်စပ်ဆိုသည်။
Saturday, March 16, 2013
ချစ်ပုံပြင်(၁) သို့မဟုတ် ကျားမာယာ
&&& ဘ၀နွမ်းပါလို့
အလှစခန်းမ၀င်ဘဲ
ရင်မခုန်အချစ်မစမ်း
ပညာလမ်းလျှောက်ခဲ့ မေ
ဘ၀လမ်းတွေပေါ်က ပုရိသ
ဥပက္ခာပြုခဲ့တယ်။
&&& တစ်နေ့တစ်လ တစ်နှစ်
သူတစ်ယောက်
မေ့နောက် အရိပ်လိုပါ
မကြင်နာဆိုလဲ သူမသိ
ငူငူကလေး ကြည့်လို့နေတတ်တယ်။
&&& ဟယ်
ဒါအချစ်လေလား
တွယ်တာရစ်နှောင်ငင်ဖို့
အကြောင်းကဖန်လာ
နှောက်ယှက်သူ လူတစ်စု
သူကူမှုကြောင့်သာ...................????
&&& အချစ်ကို မရှာတဲ့မေ
အချစ်ကို တွေ့လေပေါ့
အချစ်ဆိုတဲ့ ကမ္ဘာကြားမှာ
အချစ်မေ ပျော်မွေ့လျှက်
အချစ်အိပ်မက် ကန့်လန့်ကာ
အတွေးတွေနဲ့ပျော်ပါးရင်း........?
&&& တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ်
ချစ်ပြီးရင်း ချစ်
ချစ်ကြီးရင့်ခဲ့
ချိန်တွေ အတော်ကြာ
မေ့မောင်ဟာ
ပြန်လာပါ့မယ် ကတိသွယ်ပြီး
နှုတ်ဆက်လက်ပြ ခွဲခဲ့ကြပြီ။
&&& ဒီလိုနဲ့ပဲ
တစ်နှစ် နှစ်နှစ် သုံးနှစ်
မောင်မလာခဲ့
မျှော်ရရက်ကြာ .......... မေ့ရင်မှာ...........???
&&& ရက်စက်လွန်းတဲ့မောင်ရယ်
အသက်လောက် ချစ်ပြီးပါမှ
မေ့ခဲ့တာ သေချာသိတဲ့အခါ..........
&&& လက်ရေ တွက်ပေရဲ့
ခက်လေ မျက်မစွေခဲံ့
သက်ကြွေမဲ့နေတဲ့
မျက်ရည်စက်တွေနဲ့
မိန်းကလေးရယ်.....
ဒီမျှတောင်ချစ်လေသလား။
မှိုင်း(ဓာတု)
အချစ်ကြီးသော တိုင်းရင်းသူတစ်ဦး၏ အဆုံးစွန်ခံစားခဲ့ရသည့် လက်တွေ့ဖြစ်ရပ်တစ်ခုအား ခံစားစပ်ဆိုသည်။
အွန်လိုင်းတွင်တင်ပြသည့်နေ့(၂၉.၁၀.၁၂)
Friday, March 15, 2013
လမ်းမသိတဲ့ငှက် အလွမ်းရှိတဲ့ငှက်
@@ လမ်းမသိ
နွမ်းချိတဲ့ရင်မှာဆို
နမ်းမိ
လွှမ်းထိတဲ့ တိမ်သလ္လာပျို
မြန်းအတိ
လှမ်းမိတော့ကမ္ဘာကညို ။
@@ လွမ်း၏
မှန်းကြည့်တော့ ဘယ်ဆီကို
တမ်း၏
ကမ်းမရှိတဲ့ ပင်လယ်အို
စန်းအသိ
ပန်းမရှိတဲ့ ကမ္ဘာကကိုယ်။
မှိုင်း(ဓာတု)
စွဲလမ်းသူသည်သာ စွဲလမ်းခြင်း၏ဝေဒနာကို ခံစားရပါသည်။
မေ့ရက်နိုင်လွန်းသူကား ထာဝရမေ့နေဦးမည်သာ။ (၁၂.၁၀.၁၂)တွင် အွန်လိုင်းစာမျက်နှာတွင်တင်ပြသည်။
Thursday, March 14, 2013
နှင်းခါးလွင့်၍ သရက်ပွင့်ကြွေ
&&& နွေအကူး လေရူးဆော်သလားရယ်
အကြွေထူး မိုးဦးပွင့်လေးတွေက
ရာသီပြောင်း ဖြစ်ကြောင်းကိုဖော်သလိုနဲ့
နှစ်ဟောင်း ချစ်ကြောင်းပြန်တွေးရင်ဖြင့်
ဒီချိန်ဆို ဒို့တက္ကသီလာမှာ
နှင်းခါးလွင့်၍ သရက်ပွင့်ကြွေ။
&&& နွေဦး အချစ်ရူးတဲ့သူနှစ်ယောက်
ကြင်နာဦး ခုန်ဖူးတဲ့ ရင်နှစ်စုံ
ရင်ခွင်ဦး မင်ဖူးတဲ့ အတွယ်တာ
မေဦး ချွေခူးမလား သဲမြညှာ
ဒီချိန်မှာ ကိုယ်ဆုတောင်းပါတယ်
သရက်ပွင့်စေ နှင်းခါးမလာလေနဲ့လို့။
&&& ကံကြမ္မာ အဖန်တရာ ကိုယ် ဆုတောင်းသော်ငြား
ဟိုးတောင်က ညိုမယောင် မိုးပွင့်နဲ့အတူ
မာန်ရစ်ဆင် ညှိုးမြူဆိုးတွေက
အလှည့်ကို ငှဲ့မဆိုတမ်းတလင့်သလို
ခုချိန်မှာ ကိုယ်ထင်ပါတယ် ........................
တက္ကသီလာမှာလေ ......................?
နှင်းခါးလွင့်၍ သရက်ပွင့်ကြွေ။
မှိုင်း(ဓာတု)
၁၉၉၁ ခုနှစ်တွင်ဖွဲ့ဆိုခဲ့ပြီး (၁၁.၁၀.၂၀၁၂) တွင် တာချီလိတ်မြို့နယ် စာရေးဆရာအသင်း အွန်လိုင်းစာမျက်နှာ၌ ခံစားတင်ပြခဲ့သည်။
Wednesday, March 13, 2013
အဆုံး၌ လွယ်အိတ်လေးသည်သာ ..........
*** လူရယ်သိစ တို့ဘ၀မှာ
ကြောင်းကျိုးဖြစ်စဉ် ကောင်းသာထင်မှတ်
ရင်မှာသိုကျစ် မိတ်ဆွေစစ်သူ
မြဲတွယ်တွဲဖေး လွယ်အိတ်ကလေးရယ်။
*** မူလယ်ထက်တန်း ဒို့ တက်လှမ်းစဉ်
ကျောင်းစာဘာညာ ထိုအရာတို့
ပြည့်ကျပ်လှစ်သို ပခုံးပျို၌
ငြိမ့်ငြိမ့်လိုက်ပါ ဖော်ကညာမလို
လွယ်အိတ်အိုရယ်................လေ......။
*** တက္ကသီလာ မြကျွန်းသာရောက်
ရည်းစားဘာညာ ပျိုကညာလည်း
ဒို့ လက်တွဲစဉ် သူလျှင်တို့ဘေး
အမြဲဖေးတွယ် သူ့အဖို့မယ်
စာပေကဗျာ ဘာညာဆိုလဲ
သူပါမှသာ ဆွဲယူစပ်ရေး
ခံစားတွေးတယ် အဖော်လိုနှယ်
လွယ်အိတ်အိုရယ်.........လေ။
*** ချစ်သူကမုန်း ဝေးကွာတုန်းလည်း
ချစ်သူကခွဲ ဝေးခွာကွဲလည်း
ဒို့ နဘေးနားမှာ ...................
ထာဝရ ပျော် ဘ၀အဖော်
လွယ်အိတ်အိုရယ်လေ ။
*** ခါခါစပ်ဖူး ကဗျာရူးငါ
ချစ်သူမြကို တင်စားဆိုခဲ့
နှိုင်းဆခွန်းဆို တင်စားပိုခဲ့
ဒို့ နဘေးနား ဒို့ အတွေးကြားမှာ
လွယ်အိတ်အိုအသိ ........ မေ့နေမိတယ်။
*** ဘ၀အဖေါ် မှတ်ခဲ့တဲ့ငါ
ခဏအပျော် မှတ်ခဲ့တဲ့နင်
ထီးကျန်ကမ္ဘာ တွေးဖန်လာရ
အဆုံးမတော့ ငါ့နဘေးမှာ
လွယ်အိတ်အိုလေးသည်သာ ........................???
မှိုင်း(ဓာတု)
၁၉၉၁ တွင်ခံစားစပ်ဆိုခဲ့သည်။
Tuesday, March 12, 2013
စိတ်ကူးအလွမ်း
နွေဦးမေရေ စိတ်ကူးတွေထဲ
ထင်နေဆဲပေါ့ လွမ်းခြင်းကဗျာ
စပ်ဆိုပါရ ပေါ်လာခဏ
ဝေဒနာရစေ ဆွေးမိနေ။
မေ့ပါဘူးမေ တမ်းတေ၀၀ါး
မေ လေလားလို့ အပြေးလှမ်းကြည့်
ရင်တွင်းသိလာ စိတ်၏ရွာထဲ
အလွမ်းသဲတွင် မှန်းဆဲပင်။
အတိတ်ကမေ ဆံစရှည်တွေ
နွေလေရူးထဲ လှနေမြဲပေါ့
စိတ်ကူးသော့သော့ တွေးတော့ပေါ်လာ
ချစ်ပုံလွှာတွေ တမ်းတနေ။
မှိုင်း(ဓာတု)
(၂၁.၉.၂၀၁၂) အွန်လိုင်းတွင် ခံစားတင်ပြခဲ့သည်။
Monday, March 11, 2013
အချစ်ပုန်း
အချစ်ပုန်း
*** ရှက်ရွံ့ရောင်အပြုံးကြားမှာ
နှလုံးသားအဖြေလွှာကို
တွေ့မြင်ပေမယ့်
တွက်သိမြင် ကြမ္မာတွေးရ
ငေးဆရင် သွင်မတူကွဲ
မကြင်သူဘဲ ဖြစ်ခဲ့တယ်။
*** ဖက်ညွန့်ရောင် အပြုံးများနဲ့
နှလုံးသား စိမ်းနုချယ်လို့
ဟန်လုပ်ကာ ပြုမိပေမဲ့
သက်မိရင် သမုဒယနွယ်က
ပတ်မိလျှင် ချည်နှောင်တွယ်လည်း
ကြင်နာသူ မမြင်ကာဖုံး
အချစ်ပုန်းဘဲ ဖြစ်ခဲ့တယ်။
မှိုင်း(ဓာတု)
ယနေ့ခေတ် ညီငယ်ညီမငယ်များ နှလုံးသားနှင့် ဘ၀ချင့်ချိန်နိုင်ကြပါစေ။
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...

-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။