Sunday, April 7, 2013
ဂျောပရွာသို့ ခရီးတစ်ခေါက် (ခရီးသွားဆောင်းပါး)
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဂျောပကျေးရွာသို့ (၁၂.၃.၂၀၁၃) တွင် ရောက်ရှိခဲ့ပါသည်။ ရွာရှိ ပညာရေးမိသားစုမှ ညီငယ် မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဇော်မင်း၏ ဖိတ်ကြားချက်အရဖြစ်ပါသည်။ မိမိအနေဖြင့်လည်း ခရီးသွားဆောင်းပါးများ ရေးသားခြင်းကိုနှစ်သက်သဖြင့် ရောက်ဖြစ်အောင် သွားရောက်ခဲ့ပါသည်။
လွယ်တော်ခမ်းကျေးရွာအုပ်စုသည် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အထွက် လမ်းဘေး ဘယ်ညာ တွင် တည်ရှိပါသည်။ ကျောက်တုံးကြီးများအား ညီညာသပ်ရပ်စွာ ခင်းထားသော တာချီလိတ် မိုင်းဆတ် လမ်းမကြီးအတိုင်း သွားပြီး လမ်း၏ ညာဖက်တွင် "ဂျောပသို့ သုံးမိုင်" ဟု ဆိုင်းဘုတ်ငယ်ရေးထားသည့်
 မြေနီလမ်းမတွင်ဝင်ပြီး တောင်ဆင်းတောင်တက် နာရီဝက်ခန့်ကျော်ပါက ဂျောပရွာသို့
ရောက်ရှိပြီဖြစ်သည်။ မတ်စောက်သော အတက်အဆင်းများကို ဖြတ်ကျော်ခဲ့ရ သော်လည်း သာယာလှပသော တောင်ပေါ်ရှုခင်းများကို ကြည့်ရှုခွင့်ရသဖြင့် ကြည်နူးအမောပြေစေပါသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က စတင်ကြိုးစားသင်ကြားခဲ့သော စာသင်ကျောင်းငယ်ကိုတွေ့ခဲ့ရသည်။
လူကြီးများ အရေးကြီးသောကိစ္စ ရှိ၍ မဟုတ်ဘဲ ရောက်ရှိလေ့မရှိသောနေရာ ဖြစ်လင့်ကစား ညီငယ် ဦးဇော်မင်းသည် သူတတ်နိုင်သလောက် ကျောင်းနှင့်တူသော ကျောင်းဖြစ်အောင်ကြိုးစားနေသည်ကို မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရသည်။
ထို့ပြင် ကျေးရွာသူကြီးဦးလော်ရိုးနှင့်လည်း စကားပြောခွင့်ရရှိခဲ့ပါသည်။ ထူးခြားသည်မှာကျေးရွာသူကြီးအဖြစ် ကာလရှည်ကြာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ကျေးရွာ၏ ကြည်ညိုလေးစားယုံကြည်မှုကြောင့် ဖြစ်ကြောင်းသိရပါသည်။ ပညာရေးကို အားပေးသဖြင့် တိုးတက်မှုရှိကြောင်းသိရပါသည်။ ယခင်က ယခုကျောင်းမှာ ဆရာတည်မြဲလေ့မရှိဘဲ လက်ရှိကျောင်းအုပ်ဆရာကြီး လက်ထက်မှ ဆရာတည်မြဲလာခြင်းဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့် စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရှိရသည်။
ဤခရီးတွင်ထူးခြားစွာ သိရှိခဲ့ရသည့် အကြောင်းအရာတစ်ခုကို တင်ပြပါမည်။
ဒေသခံ အာခါတိုင်းရင်းသားများအား ပိုမိုတိုးတက်စေရန်အတွက် စီမံကိန်းတစ်ခုကို ၂၀၁၃တွင် စတင်နေခြင်းပင်ဖြစ်ပါသည်။ ၎င်းစီမံချက်မှာ မယ်ဖလုန် (Mae Fae Luang)ဒေသဖွံ့ဖြိုးရေး စီမံချက်ပင်ဖြစ်ပါသည်။ ၎င်းစီမံချက် ကွင်းဆင်းမန်နေဂျာ ဦးဝင်းမြတ်နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည်။ ဦးဝင်းမြတ်သည် အာခါတိုင်းရင်းသား ပညာတတ်တစ်ဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းများတွင် ယခင်ကလည်း စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။ ဂျောပရွာ ဘုရားကျောင်း တွင် ယာယီရုံးခန်းဖွင့်ထားပြီး စီမံကိန်းရုံး အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းကို စီစဉ်နေသလို ဒေသဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း စတင်ကြိုးစားနေပြီဖြစ်ကြောင်းသိရသည်။
အာခါတိုင်းရင်းသားအများစုနေထိုင်သော ဒေသပြည်သူလူထု၏  လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး တို့ကို အဓိကကူညီသွားမည်ဖြစ်ကြောင်း၊ ၎င်းကဏ္ဍများနှင့်
အတူ ပညာရေး၊ ကျန်းမာရေး စသည်တို့ကိုလည်း ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စီမံကိန်းကာလမှာ(၆)နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ ဂျောပကျေးရွာအပါအ၀င် ကျေးရွာပေါင်း(၁၄)ရွာ အတွက် အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရပါသည်။ ယခုစီမံကိန်းကို ထိုင်းဘုရင့်အစီအစဉ်ဖြင့် ကူညီပံ့ပိုးခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံနှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ ချင်းရိုင်း ခရိုင်အတွင်းတွင်လည်း မယ်ဖလုန် (Mae Fae Luang) ဟူသည့် ဒေသတစ်ခုရှိပါသည်။ ၎င်းဒေသတွင် ထိုင်းနိုင်ငံသား အာခါလူမျိုးများနေထိုင်ပြီး လှပသော ပန်းဥယျာဉ်၊ အဆင့်အတန်း မြင့်မားသော လူနေမှုအဆောက်အဦများ
ရေမီး ပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများ ရှိနေပြီဖြစ်ပါသည်။ ဤ ကဲ့သို့ မယ်ဖလုန်ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း ထိုင်းဘုရင့် အစီအစဉ်ဖြင့် အကောင်းဆုံး
ဆောင်ရွက်ပေးထားကြောင်းသိရပါသည်။ မယ်ဖလုန်ဒေသဖွံ့ဖြိုးမှုမှာ နေ့စဉ် နိုင်ငံခြားသားများစွာ လာရောက်လေ့လာကြည့်ရှုသည့် အခြေအနေသို့ပင် ရောက်ရှိနေပြီး စည်စည်ကားကားဖြင့်
နိုင်ငံခြားဝင်ငွေများစွာပင် ရရှိနေပြီဖြစ်ပါသည်။
စာရေးသူ ကျွန်တော့်အနေဖြင့် လွန်ခဲ့သော ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စာရေးဆရာကြီး လယ်တွင်းသားစောချစ်၊ စာရေးဆရာနေ၀င်းမြင့်၊ ခင်ခင်ထူး တာချီလိတ် စာရေးဆရာအသင်းက ညီအစ်ကိုများနှင့်အတူ တစ်ခေါက် ရောက်ခဲ့ပြီးဖြစ်၍ ယခုဆောင်းပါးကို
ရေးဖြစ်ခြင်းလည်းဖြစ်သည်။ ဒေသခံများ၏ ပါးစပ်ရာဇ၀င်အရ ထိုင်းဘုရင့်မိသားစုနှင့်ပတ်သက်၍ အာခါလူမျိုးများက တစ်ချိန်တစ်ခါက
 ကျေးဇူးရှိခဲ့သဖြင့်
 ပြန်လည်ကျေးဇူးဆပ်သည်ဟု ပြောဆိုကြပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့ခရီးထွက်ခွာသည့် ကာလလေးတစ်ခုတွင် မြန်မာ့နွယ်ဖွား အာခါတိုင်းရင်းသားများ၏ တိုးတက်မှု့ဖြစ်စေမည့် အခြေအနေကောင်းတစ်ခုကို  တွေ့မြင်ခဲ့ရသဖြင့် ၀မ်းသာရပါသည်။
နောက်တစ်ကြိမ် ဂျောပရွာသို့ အလည်ခရီးတစ်ခေါက် ရောက်ခဲ့ပါမူ ဖွံ့ဖြိုးတိုးတက်နေသော
မြန်မာ့မြေတွင်းမှ အာခါကျေးရွာများကို မြင်တွေ့တင်ပြသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးရင်း ဆောင်းပါးကိုနိဂုံးချုပ်အပ်ပါသည်။
ဆောင်းပါးရှင်။        ။ မြတ်မျိုးမြင့်မှန်
လျှပ်တစ်ပြက်တာလေ (၁)
ကျွန်တော့်အနေနဲ့ အစိုးရ၀န်ထမ်းတစ်ဦးအနေနဲ့ကော လူမှုရေးအဖွဲ့အစည်းကြီးတစ်ခုရဲ့ ဦးစီးခေါင်းဆောင်တာဝန်နဲ့ပါ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဒေသဖွံ့ဖြိုးရေးနဲ့
ဌာန ဆိုင်ရာတာဝန်များနဲ့ အားစိုက်ခွန်စိုက် ဆောင်ရွက်ခဲ့တဲ့ နေရာလေးတစ်ခုဖြစ်တဲ့ တာလေမြို့နယ်ခွဲ (ယခင် တာလေကျေးရွာအုပ်စု) ကို ၃.၁.၂၀၁၃ ရက်နေ့က ရောက်ရှိခဲ့တာ
လေးတွေကို တင်ပြသွားမှာဖြစ်ပါတယ်။ နောက်နောင်လည်း ရောက်ရှိခဲ့ရင် ဆက်လက်တင်ပြလိုတာကြောင် လျှပ်တစ်ပြက်တာလေ(၁)လို့ အမည်ပေးထားတာဖြစ်ပါတယ်။ (၁.၁.၂၀၁၃)ရက်နေ့ မနက် ဌာနဆိုင်ရာအရေးကြီးကိစ္စ တစ်ခုရှိတဲ့အတွက် စာရေးသူ တာချီလိတ်မြို့ပေါ်မှာ ဆိုင်ကယ်နဲ့သွားလာနေတုန်း ကားတစ်စီး မိမိဆိုင်ကယ်ကို ဟွန်းတီးကျော်တက်နှုတ်ဆက်ပြီး ရှေ့ကနေကြိုရပ်လိုက်တာ တွေ့ရပါတယ်။ အနီးရောက်လို့ ကြည့်လိုက်တော့   မောင်ကျော်စိုးဖြစ်နေတာ တွေ့ရပါတယ်။ မောင်ကျော်စိုးဆိုတာ ယခုတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဖြစ် နိုင်ငံတော်ရဲ့လုံခြုံရေးကို အထူးတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ ဗိုလ်မှူးကျော်စိုးဖြစ်ပါတယ်။ ဆရာ့ကျေးဇူးဘယ်တော့မှ မမေ့ပါဘူး။တာလေလားဟူနှစ်သစ်ကူးပွဲကို ကြွရောက်ပါ ဆရာ့အိမ်ကိုလည်း ဖိတ်ထားပါတယ် ဆိုတဲ့နှုတ်နဲ့ဖိတ်ကြားမှုတွေကြောင့်  တာလေကို တစ်ခေါက်ရောက်ခဲ့ပြန်တာပါ။ အမှန်ပါဘဲ။ညနေအိမ်ပြန်ရောက်တော့ဖိတ်စာရောက်နေပါပြီ။တစ်ချိန်ကမိမိပျိုးထောင်ပေးခဲ့တဲ့
လူငယ်တစ်ဦး လောကအလယ်ပညာတတ် ဦးစီးခေါင်းဆောင်တစ်ယောက်အဖြစ်မြင်ရတဲ့ ဆရာ
တစ်ယောက် ၀မ်းသာမှုက ဖေါ်မပြနိုင်အောင်ပါဘဲ။
    မနက်(၉)နာရီ တာလေက ဗိုလ်မှူးကျော်စိုးဆီ အရင်ဆုံးရောက်ရှိစဉ်မှာဘဲ  ယခင်ထက် တိုးတက်ပြောင်းလဲမှုတွေနဲ့ပြည့်နှက်နေတဲ့ တာလေကို တွေ့ရှိခဲ့ပါတယ်။လားဟူနှစ်
သစ်ကူးပွဲတော်အကြောင်းကတော့ ဆရာစူလဏီး ဆောင်းပါးမှာလည်း အပြည့်အစုံပါရှိပြီမို့ အထူးဖြည့်စွက်စရာမကျန်တော့ပါဘူး။
ဒါပေမယ့်  သူတို့ရဲ့ခေါင်းဆောင်တွေကို လက်ဆေးမင်္ဂလာပြုပေးတာရယ် ဂါရ၀ပြု အဖွဲ့လိုက် လူကြီးအိမ်မှာ ထုံးစံနဲ့အညီ ဘူးခါးပလွေ၊စတဲ့တူရိယာတွေနဲ့ဖျော်ဖြေကြတာကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ လားဟူရိုးရာဓလေ့ထုံးစံလေးတွေဘဲဖြစ်ပါတယ်။ အတိတ်က မောင်ကျော်စိုးရဲ့ဖခင် ၊ မိမိရဲ့ခင်မင်လေးစားရတဲ့ ဒေသလုံခြုံရေးကိုလားဟူပြည်သူ့စစ်ခေါင်းဆောင်အဖြစ်စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်လုံကျာရှောကိုလည်း အမှတ်ရမိပါတယ်။
    တာလေရောက်ရှိစဉ် မိမိနဲ့အတူ လိုက်ပါပေးတာကတော့ လူထုအကျိုးလုပ်ငန်းတွေအများကြီး လုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ဦးဆောင်မှုနောက်မှာ တက်ကြွစွာလိုက်ပါဆောင်ရွက်ပြီးယခုတိုင်တက်ကြွကြိုးစားနေ
ဆဲဖြစ်တဲ့ တာလေမြို့နယ်ခွဲ၊တာကြန့် အမက က ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဖြစ်ပါတယ်။
    မောင်ကျော်စိုးဆီကနေ သူတို့ရဲ့ပွဲတက်ရောက်ပြီးတဲ့အခါ အတိတ်က ခင်မင်နားနေခဲ့ဘူးတဲ့နေရာလေး
တစ်ခုဖြစ်တဲ့ တာလေဆက်သွယ်ရေးရုံးကို ရောက်ရှိခဲ့ပါတယ်။ယခင်နှစ်နှစ်ဆယ်နီးပါးက တာလေစာတိုက်မှူးနဲ့စာရေးသူအတူတူ တာလေစာတိုက်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုနှိုင်းယှဉ်နိုင်
အောင်ဖေါ်ပြလိုက်ပါတယ်။  ယခင်ကတာလေမှာအာတီလို့ခေါ်တဲ့ရေဒီယိုတယ်လီဖုန်းလေးတစ်ခုတည်းနဲ့
ဌာနဆိုင်ရာပေါင်းစုံ၊မိဘပြည်သူလူထုများအနေနဲ့ တစ်နိုင်ငံလုံးကို ဆက်သွယ်ခဲ့ကြရပါတယ်။
ဆက်သွယ်ရေး  အင်မတန်မှခက်ခဲသလို ဆက်သွယ်ရေးဝန်ထမ်းတွေမှာလည်း မိမိတို့ကို အထင်မလွဲအောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ခဲ့တာကို ဆက်သွယ်ရေးဝန်ထမ်းတွေနဲ့ ညီအစ်ကိုလိုပေါင်းသင်းနေထိုင်ခဲ့တဲ့ စာရေးသူအသိဆုံးလည်းဖြစ်ပါတယ်။
    တာလေမြို့နယ်ခွဲမှာ အော်တိုတယ်လီဖုန်း စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ (၁၀)လုံး သုံးစွဲနေရပြီ
ဖြစ်ကြောင်း သိရှိရပါတယ်။ ဂျီအက်စ်အမ်ဖုန်းအလုံးရေ (၂၀၀)ကိုလည်း သုံးစွဲနေပြီဖြစ်ကြောင်း သိရပါတယ်။
စာတိုက်ဆက်သွယ်ရေးအနေဖြင့်လည်း ၀န်ထမ်းအင်အားပြည့်စုံတာကြောင့်  အချိန်နှင့်တစ်ပြေးညီ
 ဆောင်ရွက်နိုင်ြပီဖြစ်ကြောင်းလည်းသိရှိရပါတယ်။FAXကိုလည်း အချိန်ပြည့် ၀န်ဆောင်မှုပေးနေတဲ့
အတွက်ကြောင့် အရေးကြီးစာရွက်စာတမ်းမိတ္တူများ ကို ပေးပို့နိုင်ကြပြီဖြစ်ပါတယ်။ လျှပ်စစ်မီးကိုလည်း အချိန်ပြည့်ရရှိအောင်စီစဉ်ထားတဲ့အတွက် လုပ်ငန်းများအဆင်ပြေချောမွေ့ကြောင်းသိရှိ ရပါတယ်။ လက်ရှိတာလေမှာ ဆက်သွယ်ရေးတာဝန်ခံ အဖြစ် ဒုကြီးကြပ်ရေးမှူး ဒေါ်ခင်ခင်သိန်းက ဦးဆောင်ပြီးလုပ်ငန်းများကိုကြိုးစား ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။
    အဲ့ဒီကနေ တာလေ ခမရ(၃၁၆) တပ်ရင်းရှေ့ ကွင်းပြင်ကြီးကိုရောက်ခဲ့ပါတယ်။
အဲ့ဒီမှာ လွတ်လပ်ရေးနေ့အကြိုအားကစားပြိုင်ပွဲကို တာလေမြို့နယ်ခွဲအုပ်ချုပ်ရေးမှူးက
ဦးဆောင်ပြီးဌာနဆိုင်ရာပေါင်းစုံနဲ့ ဒေသ ကျောင်းသားနဲ့ပြည်သူလူထုတွေ ပျော်ရွှင်စွာ ပြိုင်ပွဲပေါင်းစုံ
ကျင်းပနေတာကို တွေရပြန်ပါတယ်။
အထူးသဖြင့် ပညာရေးဝန်ထမ်းတွေက အားကစားပြိုင်ပွဲတွေမှာ အသီးသီး ကြီးကြပ်မှု
တာဝန်ယူနေကြတာတွေ့ရပါတယ်။မှတ်တမ်းဓာတ်ပုံလေးတစ်ပုံနှစ်ပုံရိုက်ဖြစ်ပါတယ်။
အဲ့ဒီကနေ အချိန်သိပ်မရှိလို့ မိမိလုပ်ငန်းတာဝန်တွေလည်းရှိသေးလို့ ပြန်မယ်လုပ်တော့ မိမိနဲ့အတူ လိုက်ပါပေးတဲ့ ဦးဝင်းမြင့်က ဆရာရယ် ကျွန်တော်တို့ရွာတော့ ခဏနားရင်းလိုက်လည်ပါအုံးလို့ ခေါ်တာနဲ့ အားနာနာနဲ့ တာကြန့်ကျေးရွာကိုရောက်ခဲ့ပါတယ်။ တာကြန့်အမက ရဲ့တိုးတက်နေမှုကို လည်းတွေ့ရပြန်ပါတယ်။အဲ့ဒီအကြောင်းကိုတော့ နောက်များမှ ဆက်လက်တင်ပြပါ့မယ်။
    တာကြန့်မှာတွေ့ခဲ့ရတဲ့ လုပ်ငန်းလေးတစ်ခုကို မိဘပြည်သူကို တင်ပြချင်ပါတယ်။ သိပြီးတဲ့သူတွေလည်းရှိပါမယ်။ မသိသေးတဲ့လူတွေလည်း ဒီလုပ်ငန်းဟာနှစ်ဦးနှစ်ဖက်
ကောင်းမွန်တာကော တာလေလို ငလျင်ဒေသမျိုးမှာ ရှိသင့်တဲ့လုပ်ငန်းတစ်ခုပါဘဲ။
အဲ့ဒါကတော့ အိမ်တိုင်ယာရောက် ဘလောက်အုတ်လုပ်ငန်းကို တာကြန့်ရွာမှာတွေ့ရှိရတာကိုတင်
ပြမှာဖြစ်ပါတယ်။ လိုတဲ့အိမ်ကို ကိရိယာဘဲယူလာပြီး လိုအပ်သူရဲ့ရှေ့မှာဘဲ ဘိလပ်မြေ၊သဲတွေကို အကောင်းဆုံးအနေအထားစပ်ယူပြီးဆောင်ရွက်ကြတာဖြစ်ပါတယ်။ လာရောက်လုပ်တဲ့သူကို
 ဘလောက်အုတ်တစ်လုံးကို တစ်ဘတ်နှုန်း(၃၈ကျပ်ခန့်)ပေးကြောင်းကိုလည်း သိရှိရပါတယ်။
အရည်အသွေးမီတဲ့ အုတ်ကို မျက်စိရှေ့မှာဘဲ ဆောင်ရွက်တာကြောင့်  ခိုင်ခံ့တဲ့အုတ်ကို စိတ်ချစွာ
သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အလျင်စလို မဟုတ်ခဲ့ရင် တာလေမှာ ဒီလိုလုပ်ငန်းများနဲ့ အသက်မွေးသူတွေ
ရှိတယ်လို့သိရတာကြောင့် နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာတဲ့လုပ်ငန်းလေးတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
    ဒီတစ်ခေါက်တော့ လျှပ်တစ်ပြက်တာလေအကြောင်း ဒီမျှနဲ့ခွင့်ပြုဖို့တင်ပြလိုပါတယ်။နောက်တစ်ခေါက်
တာလေရောက်ခဲ့ရင်လည်း မပျက်မကွက် တိုးတက်ချက်တွေကို ဆက်လက်တင်ပြပါ့မယ်။
                                                                                        မြတ်မျိုးမြင့်မာန် 
ကျွန်တော်ရောက်ရှိလေ့လာခဲ့ရသောမြန်မာနိုင်ငံတွင် ပထမဆုံးပြသခဲ့သောသိပ္ပံရုပ်ရှင်ပွဲတော်(၂၀၁၂)
ကျွန်တော်သည် (၂.၁၂.၂၀၁၂)တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်သံရုံးတွင်ပြသခဲ့သည့် မြန်မာနိုင်ငံတွင် ပထမဆုံးပြသခဲ့သောသိပ္ပံရုပ်ရှင်ပွဲတော်(၂၀၁၂)ကိုသမီးငယ်၊တူငယ်တို့နှင့်အတူ ရောက်ရှိလေ့လာခွင့်ရရှိခဲ့ပါသည်။ တက်သစ်စမျိုးဆက်သစ်လူငယ်များ အတွက် အလွန်အရေးပါပြီး သိသင့်သောသိပ္ပံအခြေခံများကို ထိရောက်အောင်ပြသခဲ့ကြောင်း သိရှိခဲ့ရပါသည်။ တက်သစ်စလူငယ်များအတွက်ဆိုသော်လည်း သာမာန်လူကြီးပညာတတ်တစ်ဦးပင်မသိနိုင်သေးသော အနာဂတ်ကမ္ဘာ နှင့်မြန်မာကို ပိုမိုတိုးတက်စေမည့် သိပ္ပံအသိအမြင်များကို ရရှိစေပါသည်။
    တင်ပြရသော်    ရုပ်ရှင်ကားတိုလေးများကို    ပြသပြီး         လက်တွေ့ဆောင်ရွက်စေခြင်း၊တီထွင်ပြုလုပ်စေခြင်း၊ ပြသခြင်း တို့ဖြင့်
ဆောင်ရွက်စေခြင်းဖြစ်သည်။ ရုပ်ရှင်ကားတိုတစ်ခုကိုတင်ပြရလျှင် ထရစ်ဘောက်စ်-၀စ်ကီ သရီးဒီ (TRICKBOXX-Wickie 3D) ရုပ်ရှင်ကားကိုပြသပြီးကလေးများကို သရီးဒီ ရုပ်ရှင် ဖန်တီးမှု လက်တွေ့ဖြင့် အရောင်အပြာနှင့်အနီပါမျက်မှန်များပြုလုပ်စေခြင်း၊သရီးဒီ ရုပ်ပုံများကို လက်တွေ့ရေးဆွဲစေပြီးကလေးများကိုယ်တိုင်တီထွင်ပြုလုပ်ထားသော
မျက်မှန်များဖြင့်ကြည့်စေခြင်းဖြင့် ကလေးများသည် သရီးဒီ၏ သဘောသဘာဝကို နားလည်သွားရုံပင်မက လက်တွေ့တီထွင်တတ်သွားသဖြင့်အနာဂတ်မြန်မာနိုင်ငံ၏တီထွင်ပါရဂူလေးများ ဖြစ်ပေါ်လာစေရေး၏နိဒါန်းအစပျိုးပေးလိုက်ခြင်းပင်ဖြစ်ပါသည်။
သရီးဒီရုပ်ရှင်ဆိုသည်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မကြာမြင့်သော နှစ်ပိုင်းကလေးများကပင် စတင်ပေါ်ပေါက်လာပြီး  3D အရသာကိုစတင်ခံစားရုံသာရှိသေးချိန်တွင် ကလေးများကို ခုလိုသိပ္ပံသဘောတရားများရရှိသွားစေခြင်းမှာ မိဘတစ်ဦးဖြစ်သော၊ဆရာတစ်ဦးဖြစ်သော ကျွန်တော့်ရင်ထဲတွင် မြန်မာကလေးငယ်များအားလုံးကို အသိပေးလိုစိတ်များပေါ်ပေါက်လာသဖြင့် ဤဆောင်းပါးငယ်ကိုရေးသားရခြင်းဖြစ်ပါသည်။
      ယခုကဲ့သို့ခံစားမိခြင်းများအားအနည်းဆုံးတာချီလိတ်မှပညာတတ်လူထုနှင့်မိဘပြည်သူများမှတစ်ဆင့် အဆင့်မြင့်နည်းပညာများကို ကလေးငယ်များထံ ရရှိခံစားတတ်သိလာရေး အတွက် အစီအစဉ်တစ်ခုခုပြုလုပ်လာနိုင်ရေးအတွက် လှုံဆော်ခြင်းလည်းဖြစ်ပါသည်။
ကျွန်တော့်အနေဖြင့်လည်းတတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မည်သို့မျှ အဆင်မပြေသေးသော် ကျွန်တော်တာဝန်ယူထားရသော ပညာရေးဆိုင်ရာနယ်မြေတစ်ခု အတွင်းတွင်စတင်ကြိုးစားမည်ဖြစ်သည်။
    ထပ်မံ၍ ဥပမာရုပ်ရှင်ကားတစ်ခုကိုတင်ပြရသော် LIGHT HOUSE မီးပြတိုက် ရုပ်ရှင်ကားတွင် အလင်းကိုပုံစံအမျိုးမျိုးဖြင့်  အချက်ပြရာတွင်သမိုင်းကြောင်းနှင့်တကွ ပြသခဲ့ခြင်းဖြစ်ပါသည်။ ၄င်းရုပ်ရှင်ကား ပြသပြီးနောက် အလင်းသည်
အဖြောင့်တိုင်းသွားသည်ချဉ်းမဟုတ်ဘဲ ကောက်၍လည်းသွားကြောင်းကို ရေသန့်ဗူးတွင်အပေါက်ငယ်တစ်ခု ဖောက်ပြီး ၄င်းအပေါက်ငယ်ကို အနီရောင် စပေါ့လိုက်ကိုထိုးပြပြီး ရေကျသည့်လမ်းကြောင်းတွင်အလင်းသွားကြောင်း လက်တွေ့ကိုင်တွယ်ပြုလုပ်စေခြင်းဖြစ်ပါသည်။ ယခုကျွန်တော်စာဖြင့်ရေးသည်ကိုနားမလည်ပါကခွင့်လွှတ်ပါရန်တင်ပြပါသည်။
၎င်းနေရာတွင်ရှိသော ကလေးများအားလုံးမှာမူ ရှုင်းလင်းစွာသိရှိနားလည်သဘောပေါက်သွားကြသည်။ အနာဂတ်သိပ္ပံပညာရှင်များ ဖြစ်သွားရန် အစပျိုးမှုပင်ဖြစ်ပါသည်။
    အထက်ဖေါ်ပြပါ ဥပမာများကဲ့သို့ ရုပ်ရှင်ကားတိုများကိုပြသပြီး အသက်အရွယ်အလိုက်ခွဲခြား၍လည်း လုပ်ဆောင်စေခြင်းများရှိပါသည်။
မနက်ပိုင်း၉နာရီမှညနေပိုင်း၃နာရီခွဲအထိ ပြသခဲ့ပါသည်။ ပြခန်းအနေအထားအကျယ်အ၀န်းနှင့်တက်ရောက်မှုကို
 လေ့လာသုံးသပ်ကြည့်ပါက(၁၀)ရက်ပြသမည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ  လူငယ်အရေအတွက်အနည်းစုကိုပင် ပြသနိုင်မည့်အခြေအနေမရှိပါ။အလွန်ဆုံးလူငယ် ထောင်ဂဏန်းသည်အများ
ဆုံးပင်ဖြစ်ပါလိမ့်မည်။ သိပ္ပံပညာကို စိတ်ဝင်စားသူ မိဘများနည်းပါသေးသည်ကို ခံစားမိပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံရှိလူငယ်များအနာဂတ်သိပ္ပံပညာရှင်ကြီးများဖြစ်ပေါ်လာစေရေးအတွက်ယခုကဲ့သို့ပညာပေးခြင်းများကို
 ကျောင်းစာသင်ခန်းများအထိ ထိရောက်အောင်မြင်လာစေရေး၊ ပြပွဲပြိုင်ပွဲများ ဖြစ်ပေါ်လာစေရေးအတွက်ရည်သန်ပြီးတင်ပြရခြင်းဖြစ်ပါသည်။၎င်းပြပွဲကို (၁.၁၂.၁၂) မှ (၁၀.၁၂.၁၂)  အထိ ရန်ကုန်မြို့တွင် ပြသခဲ့ခြင်းဖြစ်ပါသည်။ အချက်အလက်အချို့ကိုသိရှိစေရန်အတွက်၎င်းပြပွဲမှလက်ကမ်းစာစောင်ပါအချက်တချို့အားပူးတွဲတင်ပြရင်း အနာဂတ်တွင် မြန်မာသိပ္ပံပညာရှင်ကြီးများ ပေါ်ပေါက်လာစေရေး ရည်မှန်းလျှက်ဤဆောင်းပါးအား နိဂုံးချုပ်အပ်ပါသည်။
မှတ်ချက်။၎င်းရုပ်ရှင်ကားတိုများကိုပညာပေးရန်အတွက် ဖြန့်ချီပေးရနတင်ပြခဲ့ပါသည်။သို့သော် ပြပွဲတာဝန်ရှိသူများက ပေးအပ်ခွင့်မရှိကြောင်း ပြောကြားခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသည်ကို ကျွန်တော် လုံးဝစဉ်းစား၍ မရခဲ့ကြောင်း စာဖတ်သူများအားတင်ပြအပ်ပါသည်။
                                                                                                                                                                                                                                                                                                                                                                                 မြတ်မျိုးမြင့်မာန်
တာချီလိတ် ၏ ပုံရိပ်သွင် စုစည်းမှု အပိုင်း(၁)
    မျိုးမြန်မာစာစောင်အား အတွဲ(၄) အမှတ်(၅) မှစပြီး အသွင်ဆန်းအမြင်ဆန်းဖြင့် ယနေ့အချိန်အထိ
 အောင်မြင်ပီပြင်စွာ        ထုတ်ဝေခဲ့ရာတွင် တာချီလိတ်ဒေသဆိုင်ရာ နယ်ပယ်ဒေသအသီးသီး၏ အကြောင်းအရာများကို လေ့လာနိုင်ရန် နှင့် မှတ်တမ်းတင်နိုင်ရန် စာရေးသူအနေဖြင့်  မျိုးမြန်မာတွင်  လစဉ်နီးပါးရေးသားခဲ့သည့် တာချီလိတ်၏ပုံရိပ်သွင်  ဆောင်းပါးများအားစုစည်းပြီးနှစ်စဉ်ထုတ်ဝေတော့မည်
 ရွှေတြိဂံမဂ္ဂဇင်းတွင်  ယခုကဏ္ဍအားတင်ပြရခြင်းဖြစ်ပါသည်။
    တာချီလိတ်ဒေသကိုခြုံငုံသုံးသပ်နိုင်သောသိမှတ်ဖွယ်ရာများကိုကနဦးတင်ပြသွားပါမည်။တာချီလိတ်မြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိမြို့နယ်ပေါင်း(၁၀) မြို့နယ်အနက် ထိုင်း၊မြန်မာ၊လာအို (၃)နိုင်ငံတွေ့ဆုံ
သည့်ရွှေတြိဂံဒေသဖြစ်သဖြင့် မြန်မာသာမကကမ္ဘာကပါစိတ်ဝင်စားခြင်းခံရသော ဒေသဖြစ်ပါသည်။
တာချီလိတ်ဟု  အမည်နာမခေါ်တွင်ရခြင်းမှာယခုနယ်ခြားဖြစ်နေသောမယ်ဆိုင်ချောင်းကိုဖြတ်ကူးသည့်
 ရေဆိပ်တွင် မယ်ဇလီတစ်ပင် ရှိခဲ့သည်ကို အကြောင်းပြု၍ မယ်ဇလီရေဆိပ်(သို့မဟုတ်) မယ်ဇလီကူးတို့ဆိပ်(သို့မဟုတ်ရှမ်းဘာသာဖြင့်တာခီလိတ်မှတာချီလိတ်ဟူ၍ကာလရွှေ့လျား
လာသည်နှင့်အမျှ အမည်တွင်ခဲ့ပါသည်။ရှေးလူကြီးများထံမှမှတ်သားသိရှိချက်များအရ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်က တာချီလိတ်မြို့မအတွင်းတွင် တလန်(သို့မဟုတ်)တလွန်လူမျိုးများနေထိုင်ခဲ့ကြကြောင်း နှင့် မြန်မာမင်းများ ယိုးဒယားကို တိုက်ခိုက်ရာတွင် စစ်ချီရာလမ်းကြောင်း ကျရောက်နေသဖြင့်  မြို့ရွာများပျက်ကာ ယင်းလူမျိုးစုများသည်  လာအိုနိုင်ငံနှင့်ယိုးဒယားဘက်ကမ်းသို့ပြောင်းရွှေ့ ထွက်ပြေးကြကြောင်းအဆိုရှိခဲ့ပါသည်။
    နှောင်းခေတ်သမိုင်း၌ ဒုတိယကမ္ဘာစစ်မတိုင်မီကာလ ဗြိတိသျှတို့အုပ်ချုပ်စဉ် တာချီလိတ်မြို့၌ အိမ်ခြေ(၄-၅)အိမ်ခန့်သာရှိပြီး ဟောင်လိတ်တွင် မြို့စားရုံးစိုက်ခဲ့ပါသည်။  ၁၉၃၉ ခုနှစ်တွင် လူနေအိမ်များ စည်ကားတိုးတက်လာပြီးမြို့စားရုံးကို  တာချီလိတ်မြို့သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၆၂တွင် တော်လှန်ရေးကောင်စီမှစော်ဘွားများကို အာဏာသိမ်းချိန် ၁၉၆၃မှစပြီး နယ်ခြားခရိုင်ဝန် ရုံးစိုက်၍ ခေတ်သစ်အုပ်ချုပ်ရေးကိုစတင်ခဲ့ပါသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင်တာချီလိတ်ဒေသအုပ်ချုပ်ရေးအနေဖြင့်ခရိုင်အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၁)ခု၊မြို့နယ်အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၁ခု၊မြို့နယ်ခွဲအဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၂)ခုတို့၏ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာ
အဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများ ပေါင်းစည်းညီညွတ်စွာဖြင့် ဒေသအကျိုးအား ပြည်သူနှင့်အတူ ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။   
 တာချီလိတ်ခရိုင်နယ်ပယ်ဒေသအစိတ်အပိုင်းအသီးသီးတွင်တည်ရှိသောထင်ရှားသောနေရာများ၊သမိုင်းတင်ရမည့် ဘာသာသာသနာဆိုင်ရာရဟန်းတော်များ၊လူပုဂ္ဂိုလ်များ၊သမိုင်းဝင်အဖြစ်အပျက်များတင်ပြရာတွင်မသိမဖြစ်သိရှိရန်လိုသည်မှာတာချီလိတ်ခရိုင်ဒေသ၏မြို့၊မြို့နယ်ခွဲရပ်ကွက်၊
ကျေးရွာအုပ်စုများ ရေဆင်းနှင့်ပင်မလမ်းမကြီးများပြမြေပုံ ဖြစ်ပါသည်။
    တာချီလိတ်ခရိုင်/မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၁၉မိနစ် မှ ၂၁ဒီဂရီ ၂၀မိနစ်အတွင်း၊အရှေ့လောင်ဂျီတွဒ် ၉၉ဒီဂရီ ၃၃မိနစ်မှ ၁၀၀ဒီဂရီ ၃၉မိနစ်အတွင်းတည်ရှိပါသည်။
    တာချီလိတ်ခရိုင်/မြို့နယ်တွင်မြို့(၃)မြို့၊မြို့နယ်ခွဲ(၂)ခု၊ရပ်ကွက်(၁၃)ရပ်ကွက်၊ကျေးရွာအုပ်စု(၁၃)ခုဖြင့်ဖွဲ့စည်းထားရှိပါသည်။
တာချီလိတ်မြို့တွင် အောက်ဖေါ်ပြပါအတိုင်း ရပ်ကွက်(၆)ခု ရှိပါသည်။
    (၁)    မယ်ခေါင်ရပ်ကွက်     (၂)    ဆန်ဆိုင်းရပ်ကွက်    (၃)    မကာအိုခမ်းရပ်ကွက်
    (၄)    ၀မ်ကောင်းရပ်ကွက်    (၅)    တာလော့ရပ်ကွက်    (၆)    ပုန်းထွန်ရပ်ကွက်
    တာလေမြို့နယ်ခွဲရှိ တာလေမြို့တွင် ရပ်ကွက်(၁)(၂)(၃)(၄) ဟူ၍ ရပ်ကွက် (၄) ခုရှိပါသည်။
    ကျိုင်းလပ်မြို့နယ်ခွဲ ကျိုင်းလပ်မြို့တွင်ရပ်ကွက်(၁)(၂)(၃) ဟူ၍ရပ်ကွက်(၃)ခုရှိပါသည်။
    တာချီလိတ်ခရိုင်/မြို့နယ်နယ်မြေအတွင်းတွင် အောက်ဖေါ်ပြပါအတိုင်း ကျေးရွာအုပ်စု(၁၃)ခုဖြင့်ဖွဲ့စည်း
ထားရှိပါသည်။
    (၁) လွယ်တော်ခမ်းကျေးရွာအုပ်စု        (၈) နားယောင်းကျေးရွာအုပ်စု
    (၂) ဟောင်လိတ်ကျေးရွာအုပ်စု        (၉) မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု
    (၃) ဖန်မင်ကျေးရွာအုပ်စု        (၁၀) မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု
    (၄) မိုင်းကိုးကျေးရွာအုပ်စု        (၁၁) နမ့်ခင်းကျေးရွာအုပ်စု
    (၅) မိုင်းဟဲကျေးရွာအုပ်စု        (၁၂) မိုင်းပါလျိုးကျေးရွာအုပ်စု
    (၆) မိုင်းဖုန်း(က)ကျေးရွာအုပ်စု        (၁၃) ကျခမ်းကျောက်ကျေးရွာအုပ်စု
    (၇) မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု
    တာချီလိတ်မြို့မှ နွေမိုးဆောင်း သုံးရာသီအသုံးပြုနိုင်သောပင်မလမ်းမကြီးများမှာ-
 (၁) တာချီလိတ်-တာလေ-မိုင်းဖြတ်လမ်း    (၂) တာချီလိတ်-တာလေ-ကျိုင်းလပ်လမ်း
 (၂) တာချီလိတ်-မိုင်းဆတ်လမ်း        (၄) တာချီလိတ်-၀မ်ပုံလမ်း တို့ဖြစ်ပြီး ၄င်းလမ်းမကြီးများ
မှတစ်ဆင့် ရပ်ကွက်၊ကျေးရွာအုပ်စု၊ကျေးရွာများ ဆီသို့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ကြပါသည်။ရေဆင်းအနေဖြင့်အရေးပါပြီး ဒေသအတွက်
 စိုက်ပျိုးရေးလုပ်ငန်းများတွင်အထောက်အကူပြုနေရသောမြစ်ချောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    (၁) မဲခေါင်မြစ်        (၂) မယ်ဆိုင်ချောင်း     (၃) မယ်ဟုတ်ချောင်း
    (၄) နမ့်မွေချောင်း                  (၅) နမ့်လင်းချောင်း     (၆) နမ့်ဟချောင်း    (၇)၀မ်လုံချောင်း
တာချီလိတ်ခရိုင်၊တာချီလိတ်မြို့နယ်၊တာလေနှင့်ကျိုင်းလပ်မြို့နယ်ခွဲများရှိုစိတ်ဝင်စားဖွယ်အကြောင်းအရာများကို ထင်ပေါ်ကျော်ကြားရပ်ကွက်များ နှင့် ထင်ရှားသာယာ ဒို့ကျေးရွာကဏ္ဍငယ်များဖြင့် တင်ပြသွားရန်
စီစဉ်ထားပါသည်။
    စတင်ဖေါ်ပြမည့်ထင်ပေါ်ကျော်ကြားရပ်ကွက်များကဏ္ဍငယ်တွင်တင်ပြမည့်ရပ်ကွက်မှာတာလော့ရပ်ကွက်
အကြောင်းပင်ဖြစ်ပါသည်။
တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့တို့သည် မယ်ဆိုင်မြစ်ကူးတံတားဖြစ်သော ချစကြည်ရေးတံတားဖြင့်ဆက်သွယ်ကူးသန်းသွားလာနိုင်ပါသည်။ ထိုင်းနိုင်ငံဘက်မှမြန်မာနိုင်ငံဘက်သို့ ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းလာပါက  မြန်မာနိုင်ငံဘက်သို့ရောက်ရှိ၍  ချစ်ကြည်ရေးတံတား၏ ညာဘက်ကို မျှော်ကြည့်လိုက်ပါက မြင့်မားသော ဈေးဆိုင်အဆောက်အဦများကြားတွင် ကြက်ပျံမကျစည်ကားနေသောတာလောရပ်ကွက်၏ ဂုဏ်ဆောင် တာလော့ဈေးကြီးအား စီးမိုးပြီး တွေ့ရှိနိုင်ပေသည်။
    နိုင်ငံခြားသားခရီးသည်များအထူးလာရောက်အားပေးသည့်ဈေးကြီးဖြစ်သဖြင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာ
တိုးပွားစေရေးအတွက် အထောက်အကူပြုသော ဈေးကြီးတစ်ခုလည်းဖြစ်ပါသည်။
    စင်ကာပူနိုင်ငံရောက်လျှင် မလွဲမသွေဈေးဝယ်လည်ပတ်ရမည့် (China Townရပ်ကွက်ကဲ့သို့
စည်ကားပါသည်။ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ (Transit)  ဒေသဖြစ်သဖြင့် တာလော့ဈေးတွင်တရုတ်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်းများ၊တီဗွီကက်ဆက် ၊MP-3,MP-4  စသည် မီဒီယာနှင့်ဖျော်ဖြေရေးပစ္စည်းများ ၊ အ၀တ်အထည်များ၊ အိတ်အမျိုးမျိုး၊တရုတ်တိုင်းရင်းဆေးဝါးအမျိုးမျိုးနှင့်
အစားအစာအမျိုးမျိုး၊စသည့်လူ့အသုံးအဆောင်များကို ရရှိနိုင်သည့်အပြင် မြန်မာနိုင်ငံ ထုတ်ပစ္စည်းအမျိုးမျိုးကိုလည်း ရရှိနိုင်ပါသည်။
  တာချီလိတ်မြို့၏  ပုဂ္ဂလိကဘဏ်ဖြစ်သည့်ကမ္ဘောဇဘဏ်မှာလည်းတာလောရပ်ကွက်တွင်တည်ရှိပါသည်။ တာလော့ရပ်ကွက်အကြောင်းရေးသားရလျှင် မချန်မဖြစ် အကြောင်းအရာတစ်ရပ်မှာအမက-တာလော့ပင် ဖြစ်ပါသည်။  ယခုအခါ အမကတာလော့သည်နှစ်ထပ်ကျောင်းအဆောက်အဦ
သစ်ကြီးဖြင့် ခန့်ညားနေပြီဖြစ်ပါသည်။ အတိတ်ကအမက-တာလော့ကျောင်းဝန်းအတွင်း တရုတ်ကျောင်းအမည်ဖြင့်  တာချီလိတ်မြို့တွင် ကနဦးအခြေခံပညာသင်ကြားခဲ့ကြသူများအား သင်ကြားရေးနာမည်ကောင်းများဖြင့်ထူးချွန်ထက်မြက်သူများစွာကိုမွေးထုတ်နိုင်ခဲ့သောကျောင်းအဆောက်အဦ
ဟောင်း ၏ ဓာတ်ပုံအားယခုဆောင်းပါးဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
    တာချီလိတ်မြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မဖွဲ့စည်းခင် ကိုယ်ထူကိုယ်ထ အရန်မီးသတ်တပ်ဖွဲ့အားစတင်ပြီးတည်ထောင်ခဲ့သည့်နေရာမှာလည်း တာလော့ရပ်ကွက် သရဖီလမ်းနှင့်မဟာဗန္ဓုလလမ်းဒေါင့်နေရာတွင်ဖြစ်ကြောင်း ၊  ထိုအချိန်က မီးသတ်တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဦးစိုင်းခမ်းမတ်မှာလည်းအသက်(၆၂)အရွယ်ဖြင့်မဟာဗန္ဓုလလမ်း(၂/၁၁)တွင်
ကျန်းမာစွာနေထိုင်လျှက်ကြောင်းသိရှိရပါသည်။
    တာလော့ရပ်ကွက်သူ/ရပ်ကွက်သားများနှင့် ပတ်သက်၍  ထူးခြားသော  အသိအမှတ်ပြုချက်မှာ တာချီလိတ်မြို့တွင်ရေဘေး၊မီးဘေးစသည့်သဘာဝဘေးအန္တရာယ်များကြုံ တွေ့သည့်အခါတိုင်း
 ရက်ရက်ရောရောသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းလေ့ရကြကြောင်းတင်ပြအပ်ပါသည်။
    ယခုဆက်လက်တင်ပြမည်မှာ ထင်ပေါ်ကျော်ကြားကျေးရွာများ   ကဏ္ဍငယ်ကို   မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အကြောင်း ကောက်နုတ် တင်ပြသွားရန် စီစဉ်ထားပါသည်။
    မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုသည် လာအို ၊ မြန်မာ၊ ယိုးဒယား ဆုံဆည်းရာမဲခေါင်မြစ်ဆုံသို့ သွားသည့်တာချီလိတ်-၀မ်ပုံ ကားလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း(၂၁)ရွာရှိပြီး ရှမ်း၊အာခါ၊ဗမာ၊လားဟူ၊ပလောင်၊၀ စသည့်တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပါသည်။မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းထင်ရှားသောကျေးရွာအချို့ နှင့် တန်ခိုးကြီးဘုရားစေတီတစ်ဆူအကြောင်းရေးသားတင်ပြသွားပါမည်။
    ကနဦးတင်ပြလိုသည်မှာ တာချီလိတ်ဝမ်ပုံကားလမ်းပေါ်ရှိ လေယာဉ်ကွင်းလမ်း  ဖြတ်လမ်း ၀ါးတားဂိတ်အကျော် ကွန်ကရစ်တံတားကြီးကိုကျော်လိုက်ပါက စတင်တွေ့ရသည့် ဘယ်ဘက်မှရွာသည် ဆွတ်ဆိုင်ရွာ(မြန်မာလို-ချောင်းဆုံရွာ) ဖြစ်ပါသည်။ ၁၉၈၇ ခုတွင်ရွာတည်ပြီး မိုင်းပျင်းမြို့နယ်မှ
ပြောင်းရွှေ့လာသူ  လိရှမ်းလူမျိုးများအများစုနေထိုင်ကြပါသည်။
    ဆွတ်ဆိုင်ရွာ၏ထူးခြားချက်မှာ  ၄င်းရွာနှင့်ကပ်လျှက်    ဆွတ်ဆိုင်တောင်ကုန်းပေါ်ရှိ ထက်လွယ်ယွန်းခမ်း    (မြန်မာလို-ရွှေစေတီ)  ဆံတော်ရှင်တန်ခိုးကြီးစေတီ တည်ထားကိုးကွယ်ထားခြင်းဖြစ်ပါသည်။
    မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာဂေါပကအဖွဲ့ဥက္ကဌဖြစ်သော ရှေ့မီနောက်မီ အသ(၇၀)ကျော်ရှိအဘဦးရှဲန်၏ပြောကြားချက်များအရ၄င်းစေတီမှာသမိုင်းဝင်ရှေးဟောင်းစေတီဖြစ်ကြောင်း ၊ ဘုရားရှင်လက်ထက်တော်က မြတ်စွာဘုရားနှင့်သံဃာငါးရာကြွရောက်ခဲ့ကြောင်း၊
၎င်းတောင်စောင့်ဘီလူးမှ ဘုရားအားမယကြည်သဖြင့် ဘုရားမှလက်တွေ့တန်ခိုးပြဆုံးမခဲ့ရာမှ
 တောင်စောင့်ဘီလူးအရှုံးပေးပြီး ဘုရားအား ကိုးကွယ်ဆည်းကပ်ရန် ကိုယ်စားဆံတော်တစ်ဆူတောင်းခ လျှောက်ထားခဲ့ပြီးဘုရားရှင်မှချီးမြှင့်ခဲ့၍ စေတီတည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်အထိ တောင်စောင့်ဘီလူးစောင့်နေသည်ဟု ယုံကြည်ကြကြောင်း၊ ၄င်းတောင်အနီး အမှားအယွင်းပြုလုပ်၍ မရကြောင်း၊ရွှေစေတီတွင်  အတိတ်က ရောင်ခြည်တော်ကွန့်မြူးသည်ကို ဖူးမြင်ခဲ့ရသည်ကိုလည်း ကြားဖူးပါကြောင်းပြောကြားပါသည်။ ဆက်လက်၍ အဘဦးရှဲန်မှ ဆရာတော်ကြီးများ၏မိန့်ကြားချက်များအရ  ရွှေစေတီအား မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းရှိ ဗုဒ္ဓဘာသာဝင်များမှ ပြုပြင်မွမ်းမံစောင့်ရှောက်လျှက်ရှိကြောင်း ၊
နှစ်စဉ်ကဆုန်လပြည့်နေ့တွင်ဘုရားပွဲပြုလုပ်ကျင်းပကြောင်း၊လက်ရှိဘုရားစေတီတွင်ဆရာတော်ကျောက်ဆီနွန်းမှ ကျောင်းထိုင်စောင့်ရှောက်လျှက်
ရှိပါကြောင်း  တန်ခိုးကြီး ဆံတော်ရှင်စေတီဆိုင်ရာ စိတ်ဝင်စားဖွယ် ရှင်းလင်းပြောကြားသဖြင့်
သိရှိရပါသည်။
    ဆွတ်ဆိုင်ကျေးရွာအားကျော်လွန်ပါကမြေနီလမ်းမကြီးကိုစတင်တွေ့ရှိရမည်ဖြစ်ပြီးအနည်းငယ်ဆက်လက်ရှေ့သို့ရောက်ရှိပါကလမ်းဘယ်
်ဘက်တွင် ပညာရည်မြင့်မားရေးအတွက ကြိုးပမ်းနေသော စိမ်းလန်းစိုပြည် ခန့်ညားနေသော
 ဝှေလေလန်(မူလွန်) နှစ်ထပ်ကျောင်းကြီးအားတွေ့မြင်ကြရမည်ဖြစ်ပါသည်။     ဆက်လက်၍ ရှေ့ဆက်လှမ်းပါကလမ်းဘေးဝဲယာတွင် တိုက်တာအဆောက်အဦများနှင့်မြို့ပြဆန်သော လူနေမှုအဆင့်အတန်းမြင့်မားသောဝှေလေလန်စံပြကျေးရွာကြီးအား တွေ့မြင်ရပေမည်။
 ဝှေလေလန်ကျေးရွာသည်လွန်ခဲ့သောနှစ်ပေါင်း(၂၆၃)နှစ်ကစတင်တည်ခဲ့ပြီးအိမ်ခြေ(၇)အိမ်သာ
ရှိကြောင်း၊ ယခုအခါအိမ်ခြေ(၆၃၆)အိမ်ရှိပြီဖြစ်ကြောင်းရွာအမည်မှာမြန်မာလို
 မြေကြီး ကျောက်တုံးအနက်ရှိသော ရေချောင်းကျေးရွာဟုခေါ်ကြောင်းသိရှိရပါသည်။
    မိုင်းဖုန်(ခ)ကျေးရွာအုပ်စုအတွင်းရှိဆွတ်ဆိုင်ကျေးရွာ၊နမ့်လွတ်ကျေးရွာဟောင်းကျေးရွာ၊နမ့်လွတ်ရွာသစ်ကျေးရွာများမှာဝှေလေလန်
်ကျေးရွာကြီးကိုအမှီသဟပြုပြီးနောက် ကျေးရွာငယ်များအဖြစ်သီးခြားကျေးရွာများထူထောင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါသည်။
    မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတည်ရှိရာကားလမ်းဘေး ကျေးရွာကြီးများအနေဖြင့်၎င်းကားလမ်းနှင့်အပြိုင်
 ကျေးရွာကြီးများနှင့်ယှဉ်လျှက်စီးဆင်းနေသောမယ်ဆိုင်ချောင်း တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံနှင့်အပြိုင်ပညာရေး၊ကျန်းမာရေး၊လူမှုရေးမြင့်မားရေးအတွက် အားစိုက်
ကြိုးစားနေကြောင်းကိုလည်းတွေ့ရှိရပါသည်။  ယခင်က မူလတန်းကျောင်းသားဆယ်ဂဏန်းသာရှိခဲ့သော မူလတန်းကျောင်း(၆)ကျောင်းရှိခဲ့ရာ ယခုအခါ ရာချီ၍ကျောင်းသားများ ပညာသင်ကြားနေသော ဝှေလေလန်မူလွန်နှင့် ပါခုတ်မူလွန် ကျောင်းနှစ်ကျောင်း ပေါ်ထွက်လာခဲ့ပြီး ကျန်အမကကျောင်းများမှာလည်း ကျောင်းသားအင်အား သိသိသာသာ တိုးတက်လာကြောင်း သိရှိရပါသည်။ ကျန်းမာရေးကဏ္ဍတွင်လည်း ကျန်းမာရေးဌာနခွဲ(၂)ခုရှိပြီး ဒေသလူထု၏
ကျန်းမာရေးကိုစောင့်ရှောက်လျှက်ရှိကြောင်း သိရှိရပါသည်။
    လူမှုရေး အဆင့်အတန်းအနေဖြင့် မြို့ပြလူနေမှုစနစ်နှင့်တန်းတူနေထိုင်နိုင်ကြသည့်အခြေအနေတွင်ရှိပြီး ယခင်ကစပါးသီးနှံတစ်မျိုးထဲကိုသာအားထားကြသော်လည်းယခုအခါနှစ်ရှည်သီးနှံရာဘာသစ်ခေါက်၊သစ်မွှေးစသည်
များစိုက်ပျိုးဖြစ်ထွန်းလာကြသဖြင့်စီးပွားရေးပိုမိုအောင်မြင်လာကြကြောင်းသိရှိရပါသည်။
    တာချီလိတ်-၀မ်ပုံကားလမ်းတစ်လျှောက် သွားရာတွင့်မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၏အစွန်ဆုံးတွင်ရှိသော စိတ်ဝင်စားစရာသမိုင်းကြောင်း များရှိသော ကျေးရွာများမှာ ပါခုတ်ကျေးရွာများပင်ဖြစ်ပါသည်။ သာမာန်ခရီးသွားတစ်ယောက်အနေဖြင့်ပါခုတ်ဟုအသိများပြီးအမှန်တစ်ကယ်မှာ
(၃)ရွာရှိပါသည်။ရွာစဉ်အလိုက်ဖေါ်ပြရသော်ပါခုတ်နိုရွာ၊ပါခုတ်တိုက်ရွာ၊ပါကောင်ရွာဟူ၍ ဖြစ်ပါသည်။ ယွန်းရှမ်းလူမျိုးများ အများစု နေထိုင်ကြပါသည်။ ပါခုတ်နိုဆိုသည်မှာ ကြိမ်ပင်အထက်ရွာ ၊
ပါခုတ်တိုက်ဟူသည်မှာကြိမ်ပင်အောက်ရွာ၊ပါကောင်ဆိုသည်မှာဝက်သစ်ချပင်ကိုဆိုလိုကြောင်းသိရှိရပါသည် ။ပါခုတ်ကျေးရွာများသည်လည်း ဝှေလေလန်ရွာကဲ့သို့ပင် မြို့ပြဆန်ပြီးတိုက်တာအဆောက်အဦများစွာဖြင့်ခေတ်မီစွာနေထိုင်ကြပါသည်။
ယိုးဒယားတို့၏မြန်မာတို့အပေါ် မရိုးသားသော စိတ်နေသဘောထားများကို ဖေါ်ပြနေသော ပါခုတ်ကျေးရွာများနဘေးမှ ရေချောင်းငယ်ကလေးသည်မြန်မာနိုင်ငံသားတို့အား  အမျိုးသားရေးသတိရှိစေရန် ထာဝရနှိုးဆော်နေကြောင်းတင်ပြရင်း ပုံရိပ်သွင်စုစည်းမှု အပိုင်း(၁)အား နိဂုံးချုပ်အပ်ပါသည်။
                                                                                                                                    တာချီလိတ်ရွှေတြိဂံမဂ္ဂဇင်း(၂၀၀၉)တွင်ပါရှိပြီးဖြစ်ပါသည်။
ပုံရိပ်သွင်အပိုင်း(၂)(၃)တို့ကိုလည်း   ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းအစီရင်ခံအပ်ပါသည်။
                                                                                          မြတ်မျိုးမြင့်မာန်
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...