Wednesday, September 16, 2020

အတိတ်တက္ကသိုလ် အလွမ်း(၂)

 

ရာဘာတောမှာ
Practical အပြီး
အားပေးကြမြဲ
ဘူးသီးကြော်ဆိုင်တွေလည်း
သတိရဆဲပါဘဲကွယ်။
သီရေတာ T အခန်းဟာ
ကိုယ့်အခန်းမဟုတ်လည်း
သွားရောက်လေ့လာ ပျော်ခဲ့ကာ
ကိုယ့်မေဂျာနဲ့ မဆိုင်လည်း
ထိုင်ခဲ့ဖူးတာပါဘဲ။
ထူးအိမ်သင်ရဲ့
တစ်နေ့နေ့တော့ချစ်လာလိမ့်မည်
သီချင်းပေါ်စ
စိတ်ကူးယဉ်ကြတဲ့
လူငယ်တွေထဲ
ကျွန်တော်လည်း ပါဝင်ဖူးပါတယ်။
ခင်မင်တဲ့သူငယ်ချင်းတွေနဲ့
ရန်ကင်းကို ကားမစီးဘဲ
လမ်းလျှောက်လို့ အိမ်ပြန်ရင်းနဲ့
ကဗျာတွေ၊သီချင်းတွေဖလှယ်ရင်း
ပျော်ခဲ့ကြဖူးတယ်။
အားလပ်ချိန်‌တွေမှာ
ထိုင်လေ့ရှိတဲ့ ကျောင်း‌ဈေးတန်းကို
ကိုယ့်စိတ်မှာ တမ်းတမိတာက
အတူတူထိုင်ဖူးတဲ့
ဆိုင်လေးတစ်ဆိုင်
ပြီးတော့ ......
အတူတူဆောင်းဖူးတဲ့
ထီးလေးတစ်ချောင်း။
ကျောင်းကွေ့က ပင်ကုက္ကိုတွေ
ခုထိကို ရှိနေပေးတာ
ကျေးဇူးပါကွယ်။
သင်ဟာ
RC2 လိမ္မော်ရောင်ကောလိပ်ရဲ့
အတိတ်နိမိတ်အဖြစ်
တို့ရင်မှာ အမြဲဘဲရှိချင်လှပါတယ်။

ဆံပင်ရှည်ရှည်
မြင်ကာလေတိုင်း
သူရယ်ပေလား
အပြေးသွားကြည့် ဆိုသလို
ကျောင်းကွေ့၏ ထိုတစ်နေရာ
ရောက်တိုင်း ရောက်တိုင်း
ကလေးဘ၀ အလွမ်းရိုင်းတွေ
ရင်မှာလှိုင်းထပ်ရတာ
အခါခါပါဘဲ။
ပြန်မရနိုင်တော့တဲ့အချိန်
ပြန်မရနိုင်တော့တဲ့ဘ၀
ဘယ်ကာလမှာဘဲ ဖြစ်ဖြစ်
ကျောင်းကွေ့နဲ့ ကုက္ကိုပင်ကြီး‌တွေ နားကိုရောက်တိုင်း
အင်းလျားလေးကန်ကို ဖြတ်ကျော်တိုင်း
အေဒီလမ်းထိတ်ကို တွေ့တိုင်း
မမေ့နိုင်တဲ့ ရန်ကုန်တက္ကသိုလ်
လှိုင်နယ်မြေ အာစီတူးရယ်
အမြဲသတိရလျက်ပါကွယ်။
မှိုင်း(ဓာတု)
ဆက်လက်ခံစားရေးသားပါမည်။


No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...