Sunday, February 19, 2023

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ


 

နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။
မင်းအလှည့် ပြီးပြန်တော့
ကျွန်းရယ် မဟော်ဂနီရယ်
ရောက်လာအုံးမယ်‌လေ ။
ရွက်ဝါကြွေ ရွက်သစ်ဦး ‌
အပျော်ဦးတာက ဗန်ဒါလေ။
ဗန်ဒါကြွေ ဒီကာလ
ကျောင်းပိတ်တဲ့နိမိတ်အစ
အလွမ်းနိမိတ်တွေက
ရပြီပေါ့ ဂိမ္မာန်ရေ ။

မှိုင်း(ဓာတု)
(၁၉.၂.၂၀၂၃)

Sunday, December 18, 2022

ဆောင်းရသ


မိုးမင်းရယ်ခွာ
ဆောင်းရိပ်သာ၍
နှင်းလာမိုးပျောက်
အေးခြင်းရောက်သည်
ဆောင်းရသလည်းစခဲ့ပြီ။
ပန်းပွင့်စပယ်
နှင်းဆီရယ်နဲ့
ပန်ရွယ်တင့်ထူး
ဆောင်တော်ကူးသည်
ဆောင်းရသနဲ့လိုက်ဖက်ညီ။
လွမ်းသည်တမ်းသည်
ကာလဆီက
မှန်းရည်တွက်ဆ
တက္ကသိုလ်လမ်းဝ
နှင်းဝေစမှာ
တူတူလျှောက်ဖူး
စကားဦးတို့
ခွန်းဆိုပျော်ကြ
ကျောင်းဖွင့်စက
ဆောင်းရသလည်းလွမ်းမိသည်။
မှိုင်း(ဓာတု)
၁၈.၁၂.၂၀၂၂ ည၈နာရီ၅၀မိနစ်တွင်
ရေးစပ်ပြီးစီးပါသည်။


 

Saturday, August 27, 2022

မြတ်ဆရာ၏စေတနာ


 

မြတ်ဆရာ၏

စေတနာမိုး

ရွာသွန်းဖြိုး၍

ပန်းပျိုးလက်များ

ပြည့်စွမ်းအားတိုး

ခန့်ညားဖို့လေ

တောင်းဆုချွေ။

 

မြတ်မျိုးမြင့်မာန်

(၂၈.၈.၂၀၂၂) တွင် ခံစားတင်ပြသည်။











Thursday, June 9, 2022

တကယ်ကတော့ ဘာမှမဟုတ်ပါဘူးကွယ်

 


နေမင်းကြီးလည်း
မင်းမရှိရင် ရှိနေမှာပါဘဲကွယ်။
လမင်းကြီးလည်း
မင်းမရှိရင် ရှိနေမှာပါဘဲကွယ်။
ဒါတွေကို မင်းသိရက်နဲ့
မင်းကိုယ်မင်း ဘာထင်နေသလဲကွယ်။
ကမ္ဘာမြေကြီးလည်း
မင်းမရှိရင် ရှိနေမှာပါဘဲကွယ်။
မြန်မာပြည်ကြီးလည်း
မင်းမရှိရင် ရှိနေမှာပါဘဲကွယ်။
ဒါတွေကို မင်းသိရက်နဲ့
မင်းကိုယ်မင်း ဘာထင်နေသလဲကွယ်။
မင်းမရှိရင် မင်းရှိနေဖို့က
မေတ္တာတရားတွေ.....
ကရုဏာတရားတွေ.....
မုဒိတာတရားတွေ.......
မင်းထားခဲ့မှဆိုတာ
မင်းအခုထိ မသိသေးတာကတော့
မင်းမရှိရင် ရှိနေမယ့်အရာတွေကို
မင်းမဆင်ခြင်မိသေးလို့ပေါ့ကွယ်။
မြတ်မျိုးမြင့်မာန်/ မှိုင်း(ဓာတု)
(၁၀.၆.၂၀၂၂)


Sunday, January 9, 2022

အနိစ္စကိုမြင်ပါကွယ်

 


အတ္တထက်
ပရကိုခင်
သံသရာလွင်ပြင်မှာ
ကျွန်ုပ်တို့ အနာဂတ်ကို
ကျွန်ုပ်တို့ ဖန်တီးရမည်ပင်။
ဗုဒ္ဓအရှင် မြတ်တရားနဲ့
စိတ်ထားကိုပြုပြင်
အားလုံး အနိစ္စသဘောကို
သိမြင်ရမှာပင်။
မြတ်မျိုးမြင့်မာန်

(၉.၁.၂၀၂၂)



တောင်းဆု

 


ဘုရားရှေ့ဝယ်
ဦးချဝတ်တွား
သစ္စာထားလျက်
ပန်ကြားကုသိုလ်
တောင်းဆုကိုလည်းဆိုပါသည်။
မဂ္ဂင်ရှစ်ပါး
စောင့်ထိန်းထားလျက်
မမှားစရိုက်
သုစရိုက်ကို
ဦး၌သို၍
ကောင်းမှုကိုလည်းဆိုပါသည်။
ကံကြမ္မာကို
ဖြစ်စေလိုကျ
စိတ်ဆိုသမျှ
ဖြစ်စေရရန်
တောင်းဆုပန်သည်
ကောင်းမှုမှန်သမျှ ဖြစ်စေသော်ဝ်။
မြတ်မျိုးမြင့်မာန် / ဦးမြင့်ဝင်းလှ (ပညာရေး)
(၈.၁.၂၀၂၂) စနေနေ့



Friday, January 7, 2022

အလွမ်းညနေ

 



ည​နေဆည်းဆာ
ပြန်ချိန်မှာလေ
သူသာနားမှာ
ရှိနေပါက
အခါခါပျော်
ရင်၌သော်လည်း

ကြင်ဖော်အလွမ်း
ပေါ်လာတမ်းမိ
မျှော်မှန်းသိစေ
ချစ်သည့်မေရေ။
မှိုင်း(ဓာတု) ဓာတ်ပုံ - စိုင်းမြင့်ဝင်းလှ

၂.၁.၂၀၂၂ တွင် ရေးသားပါသည်။



Monday, November 15, 2021

သူ့အလှနဲ့သူ

 


ပန်းမြတ်သခင်
တော်ဝင်သဇင်လည်း
လှပါတယ်။
ပန်းပိတောက် ငုဝါ
ထိုအရာလည်း
လှပါတယ်။

နှင်းဆီ ဇီဇဝါ
ထိုအရာလည်း
လှပါတယ်။
နွမ်းကြေမြေခ
ခရေကလည်း ရနံ့ကထူး
လှပါဦးကွယ်။
ရစ်တွယ်ပင်ယံ
သစ်ခွစံမြန်း
လှ‌ဝေဆန်းတယ်။
တော်မဝင် လူမပန်
လမ်းဘေးဝဲယာ
ကျက်သရေဖြာသည့်
မယ်ဇလီပန်းလည်း
လှပါတယ်ကွယ်။


မှိုင်း(ဓာတု)
(၁၄-၁၁-၂၀၂၀) စနေ‌နေ့

သူသိပါစေ

 


**ဆံနွယ်ရှည်ရှည်

  မြင်ကာလေတိုင်း 

  မချိသောက ဖြာခဲ့ရသည်။

** စွဲလန်းစိတ်များ

  ပြန်ရောက်သွားတိုင်း

  မျက်ရည်ဝိုင်းသည်။


 ** နှလုံးသားစု 

    အတိတ်နုပျို

    ကာလထိုထို

    လူငယ်ဘဝ

    ပြန်တမ်းတမိ 

    အချစ်သိစေ.. ချစ်မိမေရေ။ 

    မှိုင်း(ဓာတု)   15.11.19






Tuesday, November 9, 2021

ထာ၀ရဆန္ဒ

 

ထာဝရဆန္ဒ
************
ရိုးရှင်းစွာလျှောက်လှမ်း
ပန်းခင်းတဲ့လမ်းမှာ
မင်းတစ်ယောက်ထဲနဲ့ဘဲ
လျှောက်လှမ်းချင်ပါတယ်မေ။
မှိုင်း(ဓာတု)
10.11.2021



ဒီလမ်းမကြီးပေါ်မှာ တစ်ရက်တာ (သို့မဟုတ်) မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံလမ်း ရသခံစားမှု(၁၀.၁၁.၁၈)


 



@@ ဒီမနက် ခရီးထွက်ခဲ့
မဖြတ်သန်းဖူးသေးတဲ့ ဒီနေရာ
မမြင်ခဲ့ဖူးသော ဒီရှုခင်း
မမေ့နိုင်ခဲ့သော ဒီခံစားမှုလေးများ
မျှဝေခံစား ကြည့်စို့လား။
@@ ဒီလမ်းမပေါ်မှာ
စာမသင်ရသေးတဲ့
ကလေးငယ်လေးတွေကိုလည်း
တွေ့ခဲ့တယ်။
ဒီလမ်းမပေါ်မှာ
ဆရာ မလုံလောက်ပေမယ့်
စာတတ်အောင်သင်ပေးနေတဲ့
ဆရာတွေလည်း တွေ့ခဲ့တယ်။
@@ ဒီလမ်းမပေါ်မှာ
တစ်ရွာလုံး ဆယ်တန်းအောင်ဖို့ဝေး
စာတတ်တဲ့သူ ဦးဆောင်မှုတွေ
ရှားသေးတာကိုလည်း
တွေ့ခဲ့တယ်။
ဒီလမ်းမပေါ်မှာ
ပညာမရှိပေမယ့်
ပညာရှိတဲ့သူတွေထက်
စီးပွားရှာနိုင်သူတွေလည်း တွေ့ခဲ့တယ်။

@@ ဒီလမ်းမပေါ်မှာ
ဘယ်မှာမှ မတွေ့နိုင်တဲ့
ရှုခင်းလှလှတွေလည်းရှိတယ်။
ဒီလမ်းမပေါ်မှာ
အချိန်အတိုင်းအတာ တစ်ခုအထိ
စောင်မျှော်ရအုံးမယ့်
တိုးတက်မှု အလှမ်းနှေးနေတာလည်းရှိတယ်။
@@ ဒီလမ်းမပေါ်မှာ
ပြည်မက ခဏတာသာ
ပညာလာပေးသူများသမို့
ဒေသခံပညာတတ် ဇာတိအတွက်
ပေးဆပ်သူတွေ အများကြီးလိုနေတာလည်း
တွေ့လိုက်ရတယ်။
ဒီလမ်းမပေါ်မှာ
မြို့ပြက အိမ်ကို ခဏထားပြီး
အခိုင်အမာ ဆိုင်ဖွင့်လို့
စီးပွားရှာနေသူတွေလည်းရှိတယ်။
@@ ဒီလမ်းမပေါ်မှာ
ယာဉ်လိုင်းပြေးဆွဲမှု မရှိသေးတာလည်း
သိရှိရတယ်။
လမ်းအစအဆုံး
မကောင်းသေးတာကြောင့်လည်း
ဖြစ်နိုင်ပါတယ်။
မတ်လွန်းတဲ့ တောင်ကြီးတွေ
ကွေ့လွန်းတဲ့ နေရာတွေ
အင်မတန်များတာကြောင့်ပါ
လမ်းမကောင်းသေးဘဲ
ယာဉ်များများသွားရင်
လမ်းကလည်း ကျဉ်းတော့
အန္တရာယ်များမှာ စိုးရပါတယ်။
@@ ဒီလမ်းမပေါ်မှာ
မတိုးတက်သေးတဲ့
လူနေမှုစနစ်တွေ
မတိုးတက်သေးတဲ့
လမ်းပန်းဆက်သွယ်ရေးတွေ
မမိတမိဖုန်းလိုင်းနေရာတွေ
လုံးဝမမိတဲ့ ဖုန်းလိုင်းနေရာတွေ
ပြည့်နှက်နေလေရဲ့။
ဒီလမ်းမပေါ်မှာ
အရေးပေါ် ကျန်းမာရေးအတွက်ဆို
ပူပန်စရာ ရှိနေသေးတယ်။
မမိသေးတဲ့ ဖုန်းလိုင်းတွေ
ရှိနေလေရဲ့။
တာဝန်ရှိသူတွေ
ကြိုးစားရင်းနဲ့ တစ်ချိန်မှာ
တိုးတက်လာဖို့ ဆုတောင်းမိပါတယ်။
@@ ဒီလမ်းမပေါ်က
လူသားတွေ လူထုအကျိုးပြုနိုင်ဖို့
သူတို့ ပညာ ကောင်းကောင်းတတ်ဖို့လိုပါတယ်။
သူတို့ ကျန်းမာကြံ့ခိုင်ဖို့လိုပါတယ်။
သူတို့ လူမှုစီးပွားဖွံ့ဖြိုးဖို့လိုပါတယ်။
လိုနေတာတွေထဲက
အဓိကအခြေခံကတော့
ဒီလမ်းမကြီး အမြန်ဆုံး
အဆင့်မြင့်မားတိုးတက်
ကောင်းမွန်လာဖို့ဘဲဖြစ်ပါတယ်။
မြတ်မျိုးမြင့်မာန်

၁၀.၁၁.၂၀၁၈

Monday, November 1, 2021

ပန်းနဲ့လွမ်း




                ပန်းကလေးများသည် 
                အလွမ်းများ၏သခင်
                ဖြစ်စေခဲ့လေပြီ။

                မှိုင်း(ဓာတု)








 

Friday, October 22, 2021

ဘဝဟူသည်


ဟိုတောင်ဆီက မိုးရိပ်တွေညို
လွမ်းစိတ်တွေပို
တစ်နယ်စီခြား ဘဝတွေကို
ကံကြမ္မာကကြို
တစ်ချိန်ကာလ တို့တွေများ
ပြန်ဆုံကြမည်လား။

မှိုင်း(ဓာတု)

(၂၁.၁၀.၁၈)



 

Thursday, October 21, 2021

မိုင်းဆတ်သိပါစေ။




 



ဒီတောင်တန်း
ဒီလယ်ကွင်းကြားမှာ
ကျွန်တော်တာဝန်ကျတဲ့
ရုံးလေးရှိပါတယ်။
တောင်တွေမြင်လို့
တောတွေတော့မဟုတ်ပါဘူး။
လယ်တွေမြင်လို့
ရွာတွေတော့မဟုတ်ပါဘူး။
မိုင်းဆတ်တောင်တန်းကြားက
မိုင်းဆတ်မြို့က ရုံးများပါ။
လယ်ကွင်းကြားကမြို့.....
တောင်တန်းကြားကမြို့....
ယနေ့ထိ
စိမ်းလန်းစိုပြည်တဲ့မြို့
ငြိမ်းချမ်းသာယာတဲ့မြို့....
ဒီမြို့လေးရဲ့ အစဥ်အလာကောင်း
အမြဲကောင်းအောင်
ထိန်းသိမ်းကြစေလိုပါတယ်။
ဒီနေရာဒီဒေသ
ဘယ်နှစ်ခါလာရလာရ
အေးချမ်းနေတဲ့အလှ
ထာဝရ မြင်ချင်လှပါတယ်
ချစ်တဲ့မိုင်းဆတ်ရေ။

စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)
၁၇.၁၀.၂၀၂၁















































ဆောင်းအဝင်

 





Thursday, September 30, 2021

လျော့ကြ


 

မိရိုးဖလာ ဗုဒ္ဓဘာသာတွေ
ကိုးကွယ်ရာဘာသာကို
ထဲထဲဝင်ဝင်သိအောင်
မလေ့လာကြတဲ့အခါ
မကျင့်သုံးကြတဲ့အခါ
လောဘတွေတက်လည်း
သတိကမရှိ.......
အသိကမရှိ..........
ဒေါသတွေထွက်လည်း
သတိကမရှိ.......
အသိကမရှိ..........
မောဟတွေဖက်လည်း
သတိကမရှိ.......
အသိကမရှိ..........
ခုတော့
သောကပင်လယ်တွေနဲ့
ပြည့်နေသည့် ဝန်းကျင်တွေကြား
ဟိုသွားလည်းမရ
ဒီလာလည်းဒုက္ခ
ဒုက္ခ ဒုက္ခ ဒုက္ခ
လောဘတွေကို လျော့ချ
ဒေါသတွေကို လျော့ချ
မောဟတွေကို လျော့ချ
အားလုံး အားလုံး အားလုံး လျော့ကြ။
မြတ်မျိုးမြင့်မာန်

(၃၀.၉.၂၀၂၁)

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...