Wednesday, May 30, 2018

ဆုတောင်း ကဗျာလေးတစ်ပုဒ်



မိုးမင်းအုံ့ဆိုင်း
ကောင်းကင်လှိုင်းထန်
ညိုမှိုင်းနံနက်
မြေပြင်ရပ်ရွာ
အေးချမ်းပါစေ
တောင်းဆုချွေသည်
သဗ္ဗေသတ္တာသုခဝေ။


စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)

၃၁.၅.၁၈ နံနက်ပိုင်း လမ်းလျှောက်အပြန် ၆း၃၀ နာရီတွင်္င် ရေးစပ်သည်။

Tuesday, May 29, 2018

စေတနာဖြင့် တင်ပြမည် ပညာရေးစနစ်သစ် မူလတန်းဆီ


မူလတန်းသင်ရိုးသစ်တွင် အတန်းတစ်တန်း၏
ဘာသာရပ်တစ်ခုအတွက် အခန်းအလိုက်စီစဉ်
ထားရှိပါသည်။ တစ်ခန်းချင်းစီတွင် သင်ခန်းစာငယ်
တစ်ခုချင်းအလိုက် ခွဲထားပါသည်။ သင်ခန်းစာ
ငယ်တစ်ခုအားသင်ကြားရာတွင် ဆရာဆရာမများ
အတွက် သင်ခန်းစာငယ်အား သင်ကြားရမည့်
အချိန်အရေတွက်အတိုင်း တစ်ချိန်စာအတွက်ကိုပင်
သင်ကြားရမည့် လုပ်ငန်းလမ်းညွှန်များကို
စနစ်တကျ အသေးစိတ် ပြုစုထားပါသည်။ ဆရာလမ်းညွှန်များ ကျောင်းတိုင်းသို့
သင်တန်းတက်ပြီး ဆရာဆရာမတိုင်းသို့
ပညာရေးဌာနက
ပေးအပ်ထားပါသည်။

ယခင်စနစ်ဟောင်းပညာရေးတွင်
ဆရာဆရာမများက အသေးစိတ်
ဆောင်ရွက်ကြရပြီး ယခုကဲ့သို့
ကောင်းမွန်ပြည့်စုံလှသော
ဆရာလမ်းညွှန်များမရှိခဲ့ပါ။
မိဘပြည်သူများနားလည်လွယ်စေရန်
ဒုတိယတန်းသင်ရိုးသစ်၏
မြန်မာစာဘာသာရပ် အခန်း(၁)
သင်ခန်းစာ(ဂ)ကို နမူနာပုံများ
ပေးထားခြင်းဖြစ်ပါသည်။
ဖော်ပြပါပုံများမှာ ဒုတိယတန်းစနစ်သစ်မြန်မာစာ
၏ အခန်း(၁) ဖြစ်သော အသတ်လက္ခဏာ
သိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ ထဲမှ
သင်ခန်းစာ(ဂ)ဖြစ်သော
အင်အင့်အင်းအသတ်များ
သင်ကြားကြစို့လား သင်ခန်းစာ
သင်ကြားချိန်(၉)ချိန်အနက်
တတိယအချိန်ဆိုင်ရာ
ဆရာလမ်းညွှန်စာအုပ်မှ
ညွှန်ကြားချက်များကို
ဖော်ပြထားခြင်းဖြစ်ပါသည်။

ယခုဆောင်းပါးငယ်ကို ရေးသားရခြင်းမှာ
မိဘပြည်သူများအတွက်
အထူးရည်ရွယ်ပါသည်။
မိမိတို့၏ သားသမီးများကို
ကျောင်းလွှတ်ရုံဖြင့် မပြီးပါ။
ပညာရေးစနစ်ပြောင်းနှင့်
သားသမီး အတန်းလိုက်
တတ်မြောက်ရေးကို
ထိန်းကျောင်းပေးမှသာ
မိဘပြည်သူများကိုယ်တိုင်
မသင်ကြားခဲ့ရသေးသော
ပညာရေးစနစ်သစ်ကို
ပိုမိုအောင်မြင်နိုင်ပြီး
မြန်မာ့ပညာရေး အမှန်တကယ်
တိုးတက်လာမည်ဖြစ်ပါသည်။
ထို့ပြင် သင်ရိုးသစ်နှင့်
နီးလျက်နှင့်ဝေးနေသော
ထက်လယ်ကျောင်းအုပ်ကြီးများ
မူအုပ်များ၊ပညာရေးအရာရှိအချို့အားလည်း
ကူညီခြင်းလည်း ဖြစ်ပါသည်။
ဤကဲ့သို့ စနစ်တကျ
သေသေချာချာ ငွေကုန်ကြေးကျများစွာ
ဖြင့် ပညာရေးဝန်ကြီးဌာနမှ
ဆောင်ရွက်နေသော ပညာရေးစနစ်
ကို လူမှုကွန်ယက်စာမျက်နှာမှ
မြန်မာစာရေးတတ်သူတို့၏
သွားပုတ်လေလွင့် ပြောနေသူတို့၏
စကားများကိုလည်း ပြန်လည်ချေပ
တင်ပြလိုခြင်းလည်းဖြစ်ပါသည်။
အထက်တွင်တင်ပြခဲ့သည်အတိုင်း
စနစ်တကျ ပီပီပြင်ပြင်
ဆရာဆရာမများ အခက်အခဲမရှိ
ကိုးကားလိုက်နာပြီး သင်ကြားပေးရန်
သင်တန်းများ ဆရာလမ်းညွှန်များ
ပေးအပ်ထားပြီး ဖြစ်သော်လည်း
ဆရာဆရာမများ၏ ကျွမ်းကျင်
တတ်မြောက်လာသည့် မြန်မာစာ
အခြေအနေအရ သင်ပြနည်းများကိုလည်း
ရွေးချယ်နိုင်အောင် လမ်းညွှန်ထားပါသည်။
အထက်ပါ ဥပမာပေးထားသည့်
သင်ခန်းစာတွင် စာလုံးပေါင်းနည်းကိုပင်
ဖော်ပြထားသည့် ကြိုက်နှစ်သက်ရာ
စာလုံးပေါင်းနည်းကို သုံးနိုင်ကြောင်း
လမ်းညွှန်ထားပါသည်။
သို့သော်လည်း ပထမတန်းသင်ရိုးသစ်တွင်
သင်လာသည့် စာလုံးပေါင်းနည်းအတိုင်း
ဒုတိယတန်းသင်ရိုးသစ်တွင် ဆက်လက်
သင်ကြားမည့် ကလေးများအား
သင်ကြားပေးခြင်းကသာ
ကျောင်းသားကျောင်းသူများ
နားလည်သဘောပေါက်ပြီး
မြန်မာစာကို စာလုံးမပေါင်းဘဲ
ရွတ်ဖတ်နိုင်သည့်စွမ်းရည်
မြင့်မားလာမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ
ကျောင်းအုပ်ကြီးများက
မူလတန်းသင်ရိုးသစ်သင်
ဆရာဆရာမများကို
ဘာသာရပ်ဆိုင်ရာများကို
စနစ်သစ်လမ်းညွှန်ချက်များနဲ့အညီ
ကျောင်းသားကျောင်းသူများ
ကောင်းမွန်စွာ တတ်မြောက်လာစေရေး
အတွက် တည့်မတ်ထိန်းကျောင်းမှသာ
ပိုမိုအောင်မြင်မည်ဖြစ်သည်။
အလားတူ မိဘပြည်သူများကလည်း
စနစ်သစ်ပညာရေးအပြောင်းအလဲ
သင်ခန်းစာ သင်နည်းများကို
ဆရာဆရာမများ၊ ကျောင်းအုပ်ကြီးများ၊
ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်း
ဆွေးနွေးလျက် မိမိတို့ သားသမီးများ
ပညာရေးစနစ်သစ်ကို
အပြည့်အ၀ရရှိစေရေးနှင့်
ပညာရေးစနစ်သစ် အောင်မြင်စေရန်
ကြိုးပမ်းဆောင်ရွက်သွားကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျက်
ယခုတင်ပြခြင်းကို နိဂုံးချုပ်ပါသည်။

လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့


Thursday, May 17, 2018

ချစ်သူကဗျာ ( ၁ )




 


အတိတ်ကိုပြန်လည်ခံစားရေးဖွဲ့ပါသည်။ 


Thursday, May 10, 2018

အဝေးဆုံးနေရာက အခြေခံဆရာ၏ ခံစားချက်များ



မိုးရွာလည်း
တာဝန်ကျေရတယ်။
နေပူလည်း
တာဝန်ကျေရတယ်။
နှင်းဝေလည်း
တာဝန်ကျေရတယ်။
ဖုန်ထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။


တောထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။
တောင်အထပ်ထပ်လည်း
ရအောင်ကျော်ဖြတ်ရတယ်။
လမ်းမကောင်းလည်း
ရအောင်လှမ်းကြရတယ်။
ကျောင်းမကောင်းလည်း
ရအောင်သင်ကြရတယ်။
မိဘပြည်သူအားနည်းလည်း
ရအောင်စည်းရုံးသင်ကြရတယ်။
ကျောင်းသူကျောင်းသားတပည့်လေးများ ဆိုးလည်း
သည်းခံကြိတ်မှိတ် ချော့မော့သင်ရတယ်။

လွမ်းသော်လည်း
အဝေးကဘဲ တမ်းတရတယ်။
မမေ့သော်လည်း
အားတဲ့တစ်နေ့ လာတွေ့မယ်။
ဘာလို့လဲဆိုတော့
ကိုယ်ဟာ
အခြေခံပညာရေးဝန်ထမ်းမို့ကွယ်။

မှိုင်း(ဓာတု)



10.5.2018 6:45 am တွင်
မိမိဖြတ်သန်းခဲ့သော့
ဘ၀များနှင့်ယှဉ်၍
ဝေးလံခေါင်ဖျားတွင်
တာဝန်ကျသည့်
အခြေခံဆရာဆရာမများကိုယ်စား
ခံစားရေးသားခြင်း ဖြစ်ပါသည်။











Monday, April 23, 2018

ခရေဆိုင်ရာ ရင်ဖွင့်ခြင်း

ခရေဆိုင်ရာ ရင်ဖွင့်ခြင်း
******************
ရေးသားရသည့် အကြောင်းရင်း
**************************
ယနေ့လူငယ်များ
ဘ၀တစ်ခုကို
တန်ဖိုးထားဖြတ်ကျော်စေလိုသည့်
အတွက် ရေးသားပါသည်။
ထို့ထက်ပို၍ ယနေ့
ပညာရေးဝန်ထမ်း
ဆရာ/ဆရာမငယ်များကို
ကောင်းသည့် အတုခိုးစေလိုသည့်
စေတနာဖြင့်လည်း
ရေးသားပါသည်။
ဆက်လက်ရေးသားရန်
များစွာရှိပါသေးသည်။
ယနေ့လူငယ်ဝန်ထမ်းအချို့သည်
အရွယ်ရောက်၍
မိဘအုပ်ထိန်းမှုမှ
စတင်ပြီး အနည်းငယ်
လွတ်လပ်လာသည့်
အချိန်ကာလတွင်
အကျင့်စာရိတ္တနှင့်
သိက္ခာ ဘာတစ်ခုမှ
မထိန်းတော့သည့်အပြင်
ကိုယ့်ထက်ရာထူးကြီးသူ တစ်ချို့၏
မကောင်းသော
အကျင့်စရိုက်ကို
အကောင်းထင်သဖြင့်လည်းကောင်း
ဆွဲဆောင်စည်းရုံး
ခံရသဖြင့်လည်းကောင်း
နုနုငယ်ငယ်ဘ၀တွင်ပင်
ပျက်စီးနေကြပါသည်။
အနာဂတ်ကို မြင့်မြင့်မြတ်မြတ်
ဖြတ်သန်းဖို့ထက်
အဆုံးစွန် ပျော်ပါးသောက်စား
နေနေကြသည်။
မိမိခန္ဓာကိုယ်ကိုပင်
တန်ဖိုးမထားသည့်
အခြေအနေထိပင်
တွေ့ကြုံနေရပါသည်။
ကျွန်တော်တို့ခေတ်
လွန်ခဲ့သော အနှစ်သုံးဆယ်
နီးပါး လူငယ်များထက်
ရဲတင်းလျက် အရှက်အကြောက်
မဲ့လာသည်ကိုတွေ့ရပါသည်။
တိုင်းပြည်အတွက်
မိမိလူမျိုးဘာသာ
မိဘဆွေမျိုးဒေသအတွက်
ဘာမှမစဉ်းစားတော့ဘဲ
ဖြစ်ချင်ရာဖြစ် ထင်ရာစိုင်းမှုများ
ဖြင့် ဆောင်ရွက်နေသည့်
ယနေ့လူငယ်အချို့ကို
ပြုပြင်စေလိုသော
စေတနာဖြင့် ရေးသားခြင်းလည်း
ဖြစ်ပါသည်။
လူငယ်များ လူငယ်ဘာဝ
ချစ်ခင်ခြင်းမှာလည်း
တဏှာကာမကို အဓိကထားခြင်း
များလာပြီး သန့်စင်သောမေတ္တာကို
တန်ဖိုးထားမှု နည်းပါးလာသည်ကို
မြင်သိကြားတွေ့နေရပါသည်။
အချစ်စစ် အချစ်မှန်သည်
ဖြူစင်နေသည့်အတွက်
မည်သည့် အရွယ်ရောက်သည်ဖြစ်စေ
ကျေနပ်ပီတိသည်
မည်သည့်အရာနှင့်မှ
လဲ၍မရအောင်
တန်ဖိုးရှိကြောင်း
ဘ၀ကို တန်ဖိုးထား
ကျော်ဖြတ်နိုင်စေရေးအတွက်
အမျိုးသမီးငယ်များလည်း
မိမိကိုယ်ကို တန်ဖိုးထား
စေရေးအတွက်လည်းကောင်း
ခရေဆိုင်ရာ ရင်ဖွင့်ခြင်း ကဏ္ဍကို
မိမိဘ၀ မှတ်တမ်းအဖြစ်လည်းကောင်း
ဆက်လက်ရေးသားသွားပါမည်။
မှိုင်း(ဓာတု)


ခရေဆိုင်ရာ ရင်ဖွင့်ခြင်း မှတ်တမ်းများ စုစည်းခြင်း




ငယ်စဉ်ကတည်းက
ယနေ့တိုင်အောင်
ခရေပန်းကိုမြတ်နိုးခဲ့သည်။
ရုပ်လှခြင်းထက်
စိတ်သဘောထားပြည့်ဝသော
ခရေသဘာဝရှိသူ
သူမတို့အားလေးစားသလို
နှလုံးသားထဲလည်း
ရောက်ရှိခံစား
တန်ဖိုးထားခဲ့သည်။


ကျွန်တော်တန်ဖိုးထားခဲ့သော
ခရေပန်းတို့သည်
နီးမလိုနှင့်အဝေးတွင်
ရှိနေခဲ့ပါသည်။
သို့သော်လည်း
အရွယ်လွန် ဘဝခြားသည့်
ယခုအချိန်တွင် မမျှော်လင့်ဘဲ
လူမှုရေးကွန်ယက်များကြောင့်
ပြန်လည်တွေ့ဆုံခဲ့ရပါသည်။


ပထမခရေမှတ်တမ်းအကျဉ်း
**********************

 အတိတ်က ပထမခရေနှင့်
မနေ့တစ်နေ့က
လူမှုရေး ကွန်ယက်တွင်
ပြန်ဆုံခွင့်ရခဲ့ပါသည်။

လူချင်းမဆုံရသော်လည်း
လူချင်းဆုံရသကဲ့သို့ပင်
ခံစားရပါသည်။
အနှစ်(၃၀)ဟူသောကာလသည်
အင်မတန်ရှည်ကြာသော်လည်း
ကျွန်တော့်အတွက်မူ
ခဏလေးကဲ့သို့ ဖြစ်ရသည်။
အဘယ့်ကြောင့်မူ
ခရေသည် ရနံ့မပြယ်
သေးသည်သာမက
ပို၍ပင် တင့်တယ်လှပ
နေပါသည်။
အပြန်အလှန် စာဖြင့်
ရေးသားရင်း မိမိတန်ဖိုး
ထားခဲ့ခြင်း မှန်ကန်ကြောင်း
သိရသဖြင့် ၀မ်းမြောက်မိပါသည်။
မိမိအမည်ပေးခဲ့သည်အတိုင်း
သူမ ဘ၀ကို အောင်မြင်စွာ
ဖြတ်ကျော်နေပါသည်။
လူချင်းတွေ့ရန်
သူငယ်ချင်းစိတ်ဖြင့်
သူမ ရိုးသားစွာပြောသော်လည်း
ကျွန်ုပ်ရင်မှာ
ခံနိုင်ရည်မရှိပါပြီ။
ခရေဟုတင်စားခဲ့သည်ကို
ခရေဟုအမည်ပေးခဲ့ရသည့်
သူမပင်
သိလိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေကာမူ
မိုင်ထောင်နီးပါး အဝေးက
ကျွန်ုပ်တစ်ယောက်
ချယ်ရီမြေတွင်
ခရေမွှေးရနံ့လေးကို
သတိရလျက်
ပျော်ရွှင်ချမ်းမြေ့နေပါမည်။
ရယူပိုင်ဆိုင်ခြင်းအတွက်
လုံးဝစိတ်မကူးခဲ့သော
မေတ္တာဖြင့် တန်ဖိုးထားခဲ့သော
ခရေတစ်ပွင့်ကို အခါအခွင့်သင့်ပါက
မြင်ရရုံနဲ့ပင် ရင်ခုန်သံသည်
ယနေ့တိုင် မြန်နေအုံးမည်
ထင်ပါသည်။
သူဘ၀နှင့်သူလှပတင့်တယ်
မွှေးကြိုင်နေသည့်
ပထမခရေအား
အဝေးကပင်
ဂုဏ်ပြုပါသည်။

 ဒုတိယခရေမှတ်တမ်းအကျဉ်း
***********************
ပညာရေးလမ်းမပေါ်
လျှောက်လှမ်းရင်း
အနှစ်(၃၀)ကျော်က
ဒုတိယခရေအား
အွန်လိုင်း လူမှုရေးကွန်ယက်တွင်
မကြာမီက
ပြန်လည်တွေ့ရှိခွင့်ရခဲ့သည်။

တက္ကသိုလ်ဆရာမဘ၀ကို
စွန့်လွှတ်ပြီး
ယင်းထက်ပိုမိုသော
ဝင်ငွေကောင်းသည့်
နိုင်ငံတကာနှင့်ဆိုင်သောလုပ်ငန်းဖြင့်
ဘ၀ကို အောင်မြင်စွာဖြတ်သန်းနေသည်ကို
လေးစားစရာတွေ့ခဲ့ရသည်။
တကြိမ်တစ်ခါမှ
ပြန်လည်မတွေ့ရတာ
ကြာမြင့်နေသော်လည်း
လွန်ခဲ့သော အနှစ်သုံးဆယ်က
မိမိအမှတ်တရ တန်ဖိုးထား
ပေးခဲ့လေသည့်
တန်ဖိုးနည်းသော်လည်း
ရေရှည်ခိုင်ခန့်သည့်
သူ့အမည်နှင့်
မဟာဘွဲ့ကို
ရေးထိုးထားသည့်
စတီးပြားငယ်
အမှတ်တရပစ္စည်းလေးကိုပင်
ယနေ့တိုင်
တန်ဖိုးထား ထိန်းသိမ်းထားသည်ကို
ကျေနပ်မိခဲ့ရသည်။
သူ့ဘဝ
ထာဝရ အောင်မြင်ပျော်ရွှင်ပါစေရန်
ဆုတောင်းမိပါသည်။
လွတ်လပ်သော သူ့ဘ၀နှင့်
သူ့စိတ်ဓာတ်များသည်
ကျွန်တော် မြတ်နိုးတန်ဖိုးထားသော
ခရေပန်းလေးများကဲ့သို့
ရနံ့မပြယ်တြော့ပီကို
သိလိုက်ရပါသည်။
ဒုတိယခရေသည်
ဘ၀အမောများ
အကြိမ်ကြိမ်ကြုံသော်လည်း
ဘ၀ကိုအောင်မြင်စွာဖြင့်
သူမဖြတ်သန်းခဲ့သည်။
နိုင်ငံခြား ဘာသာစကားများကို
တတ်မြောက်သည့်အပြင်
ပြန်လည်သင်ကြားနိုင်သည့်
အဆင့်ပင်ရောက်ခဲ့သည်။
ခေတ်နှင့်အညီတိုးတက်နေသည့်
နည်းပညာများကိုလည်း
ကျွမ်းကျင်တတ်မြောက်နေပါသည်။
သူမသည် သူမ၏
မိဘ မောင်နှမများအတွက်ကိုပါ
တာဝန်ကျေလှသော
သမီးကောင်းအဖြစ်
ယနေ့တိုင် ဦးဆောင်နေပါသည်။
လူ့ဘ၀တွင်
အစကောင်းမှအနှောင်းသေချာသည်
ဆိုစကား အင်မတန်မှန်ပါသည်။
ပဲ့ကိုင် ထိန်းကျောင်းပေးပါလျှင်မူ
ပို၍အောင်မြင်ပါမည်။
ပဲ့ကိုင်ထိန်းကျောင်းသူ
မရှိပါက မိမိသာလျှင်အရှင်သခင်
ဖြစ်သောကြောင့် မိမိကိုယ်ကို
ထိန်းသိမ်း ကြိုးစားခြင်းဖြင့်
သက်ဆုံးတိုင်အောင်မြင်မည်
ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ
မိမိတန်ဖိုးထားသူ
ဒုတိယခရေသည်
ယခုကဲ့သို လှပတင့်တယ်
နေခြင်းအား ကျေနပ်ရင်း
အကျဉ်းချုပ်မှတ်တမ်းထားရှိပါသည်။


 ခရေရူး၏ ခရေပုံပြင်များကို
ရေးသားရခြင်းအား အမှားပါလျှင်
နားလည်ခွင့်လွှတ်ပါရန်
တင်ပြလိုက်ရပါသည်။

မှိုင်း (ဓာတု)

Tuesday, April 17, 2018

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး (၆)


ယခုစာသင်နှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း
အတွေ့အကြုံလေးတစ်ခုဖြစ်ပါသည်။
တာချီလိတ်မြို့နယ်တွင်
ပညာရေးနယ်မြေ(၇)ခုရှိပါသည်။
၎င်းနယ်မြေများအနက်
အထက၀မ်နတ်နယ်မြေ
လည်းပါရှိပါသည်။
အထက၀မ်နတ်ပညာရေးနယ်မြေသည်
လောနိုင်ငံနှင့် အများဆုံးထိစပ်နေသော နယ်မြေ
ဖြစ်ပါသည်။








ကျိုင်းလပ်မြို့ပေါ်(၃)ရပ်ကွက်နှင့်အတူ
ကျေးရွာအုပ်စု(၃)အုပ်စုရှိပါသည်။
ပြည်နယ်ဝန်ကြီး(၂)ဦး ကွင်းဆင်းခရီးစဉ်
ရှိကြောင်း ကျိုင်းလပ်မြို့တွင် တွေ့ဆုံမည်
ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး
ဆရာမကြီးက မိမိ၏နယ်မြေကျွမ်းကျင်မှုနှင့်
တင်ပြနိုင်မှုအပေါ် ယုံကြည်၍ တာဝန်ပေးအပ်သဖြင့်
မိုင်(၇၀)ကျော်ခရီးအား မနက်စောစော
ဆိုင်ကယ်ဖြင့်ပင် သုတ်ခြေတင်ခဲ့ရပါသည်။





အခြားသိကျွမ်းသောဌာနများက ကားများ
သွားလေမည်လားဟုမေးသော်လည်း
အစီအစဉ် မရှိကြောင်းသိရသဖြင့်လည်း
တစ်ကိုယ်တည်း ခရီးထွက်ခဲ့ရခြင်း
ဖြစ်ပါသည်။

မိမိရောက်ရှိချိန်တွင်
လူကြီးများမရောက်သေးသဖြင့်
အနားယူချိန်ရရှိပါသည်။
အခြားပညာရေးဝန်ထမ်းများ
တစ်ယောက်မှ မတွေ့ရဘဲ
ကျိုင်းလပ်နယ်မြေမှူး
အထကကျောင်းအုပ်ကြီး
ဦးအောင်ထွန်းတစ်ဦးတည်း
နှင့် ဒေသခံ အုပ်ချုပ်ရေးမှူး သူကြီးများ၊
အခြားဌာနဆိုင်ရာ
ပရိသတ်အားတွေ့ရှိရပါသည်။




ဆရာကြီးဦးအောင်ထွန်းမှာ
ကျိုင်းလပ်သို့ အထကကျောင်းအုပ်အဖြစ်
ရောက်ရှိသည်မှာ
နှစ်ပိုင်းပင်ရှိပါသေးသည်။

အထကကျောင်းအုပ်၏
လုပ်ငန်းတာဝန်များအရလည်းကောင်း
နယ်မြေလမ်းပန်းဆက်သွယ်ရေးအရလည်းကောင်း
နယ်မြေတွင်း ကျောင်းများအားလုံး
အခြေအနေကို နှံစပ်နိုင်ရန် ခက်ခဲလှပါသည်။

အခြား ဒေသတွင်းကျောင်းအုပ်ကြီးများကိုလည်း
မခေါ်ထားဘူးဟုသိရသဖြင့် လူကြီးများလည်း
ရောက်လာတော့မည်ဖြစ်သဖြင့် မိမိသာ
ဒိုင်ခံ တင်ပြရှင်းလင်းရတော့မည်ကို
သိနားလည်လိုက်ရပါသည်။

မကြာမီကာလအတွင်း တာဝန်ရှိလူကြီးမင်းများ
ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်
လားဟူတိုင်းရင်းရေးရာဝန်ကြီး၊
အာခါတိုင်းရင်းသားရေးရာဝန်ကြီးများနှင့်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့
ရောက်ရှိလာကြပါသည်။

အခမ်းအနားစတင်၍ ၀န်ကြီးများ၊
တက်ရောက်သူများ မိတ်ဆက်ပြီးသောအခါ
ဆွေးနွေးတင်ပြချိန်
ရောက်ရှိပါတော့သည်။

အခြားဌာနအကြီးအကဲများကလည်း
၎င်းတို့နှင့်သက်ဆိုင်သည်များကို
ရှင်းလင်းဖြေကြားဆွေးနွေးကြပါသည်။

အထက-၀မ်နတ်နယ်မြေသည်
အဆိုပါခရီးစဉ်ကာလတွင်
ကျောင်းပေါင်း (၁၈)ရှိပါသော်လည်း
ကျွန်တော် လက်ထောက်မြိုနယ်ပညာရေးမှူး
အခါ(၂၀)ကျော် ထ၍ ဖြေရှင်းညှိနှိုင်း
တင်ပြဆွေးနွေးခဲ့ရပါသည်။


တိုင်းရင်းသားရေးရာဝန်ကြီး(၂)ဦး၏
ပညာရှိများဖြစ်ခြင်း
စိတ်သဘောဖြူစင်ခြင်း
အပြန်အလှန်နားလည်
သဘောပေါက်ခြင်းများကြောင့်
ပညာရေးဆိုင်ရာ ကိစ္စများကို
အဆင်ပြေစွာ ဆွေးနွေးနိုင်ခဲ့ပါသည်။


ဒေသခံတိုင်းရင်းသားကျေးရွာသူကြီး
ရွာတာဝန်ခံများမှာလည်း
အခြေခံပညာနည်းသည့်အလျောက်လည်းကောင်း
တောင်ပေါ်သားများဖြစ်သည့်အတွက်လည်းကောင်း
အရိုးခံဖြင့် ပြောကြားကြသဖြင့်
ကျွန်တော့်အနေဖြင့်လည်း
ရှင်းရှင်းလင်းလင်း နားလည်အောင်
ပညာရေးဌာန၏ မူဝါဒများ
လက်ရှိလုပ်ဆောင်နေရသည်များကို
၎င်းတို့ရွာကျောင်းများတွင်
ဖြစ်ပေါ်နေသည့် ပြဿ နာအမျိုးမျိုးကို
နှစ်ဦးနှစ်ဖက် နားလည်မှုရှိပြီး
တိုင်းရင်းသားကလေးငယ်များ၏
ပညာရရှိရေးအတွက် စည်းရုံးတင်ပြ
ခဲ့ရပါသည်။



ဥပမာအားဖြင့် - ဆရာအင်အား
မလုံလောက်မှုကိစ္စများ၊
ဆရာဆရာမများအား ကူညီထောက်ပံ့ရေး
ကိစ္စများ ဖြစ်ပါသည်။

တိုင်းရင်းသားရေးရာဝန်ကြီးများကလည်း
ကျေးရွာနှင့်ပညာရေးဝန်ထမ်း
တက်ညီလက်ညီဖြစ်စေရေး
ပြောကြားပေးသဖြင့် ရင်အေးခဲ့ရပါသည်။

ကိစ္စများအားလုံးအားဖော်ပြပါက
စာလေးမည်စိုးသဖြင့်
ထူးခြားသည့်ကိစ္စတစ်ခုအား
တင်ပြလိုပါသည်။

ကျေးရွာသူကြီးတစ်ဦးမှ
မေးမြန်းလာခြင်းဖြစ်ပါသည်။
၎င်းတို့ရွာ အမကခွဲကျလာသော်လည်း
အစိုးရဆရာ ခုထိမရောက်လာကြောင်း
မေးလာခြင်းဖြစ်ပါသည်။

လွှတ်တော်တွင်လည်း အကြိမ်ကြိမ်
ဖြေရှင်းခဲ့ရသည်ကို တီဗွီမှန်သားပြင်မှ
လည်းကောင်း သတင်းစာများတွင်လည်းကောင်း
အွန်လိုင်းပေါ်တွင်လည်းကောင်
ကျွန်တော်အကြိမ်ကြိမ် ကြားသိဖတ်ရှုပြီး
ဖြစ်ပါသည်။

ယင်းနေ့က ကျွန်တော် ကိုယ်တွေ့ကြုံခဲ့ရပြီ
ဖြစ်ပါသည်။ ၀န်ကြီးဌာန၏ ဘတ်ဂျတ်အခြေအနေအရ
ဆိုသည်ကို သူတို့နားလည်အောင် အတော်
ရှင်းလိုက်ရသလို မိမိစေတနာနှင့် ဝေးလံခေါင်ဖျား
ဒေသများ အခြေခံပညာကျောင်းများဖြစ်တည်ရေး
ကြိုးစားနေမှုကို ရှင်းပြလိုက်သဖြင့် သူတို့နားလည်
သွားကြပါသည်။

အဆိုပါနေ့ အခမ်းအနားတွင်
အားလုံးအဆင်ပြေချောမွေ့သော်လည်း
အပြန်လမ်းတစ်လျှောက်တွင် မနားနိုင်ဘဲ
မိမိတို့ ဌာနအခြေခံပညာမူလတန်းကျောင်းများမှ လိုအပ်သည့်
ကျောင်းတစ်ကျောင်းကို ကိုယ်တိုင်
ဝင်ရောက်ဆုံးမခဲ့ရပါသည်။

လက်ထောက်မြို့နယ်ပညာရေးမှူး
တစ်ဦးသည် ကျောင်းစစ်ဆေးခြင်းတွင်သာမက
ဤကဲ့သို့သော အခြေအနေများ
ကြုံကြိုက်လျှင် မိမိဌာနကိုယ်စား
သေချာစွာ သိရှိနားလည်သဘောပေါက်ပြီး
ဖြေရှင်းနိုင်ရန်လိုအပ်ပါသည်။

နောက်နောင်အခြေအနေပေးပါက
ယခုကဲ့သို မိမိဌာနမဟုတ်ဘဲ
တာဝန်ရှိလူကြီးများနှင့် ဆွေးနွေးတင်ပြ
ဆောင်ရွက်ခဲ့ရသည်များကို
မှတ်တမ်းတင်သွားပါမည်။

လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့

Saturday, April 14, 2018

ကျွန်တော် လက်ထောက်မြို့နယ်ပညာရေးမှူး (၅)



ကျွန်တော်သည် တာချီလိတ်မြို့နယ်တွင်
 မူလတန်းပြမှ လက်ထောက်မြို့နယ်ပညာရေးမှူး
ရာထူးတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
အထိ လုပ်သက်၂၈ နှစ်တိုင်ရောက်ခဲ့ပြီ
ဖြစ်ပြီး ဌာနတွင် PE , DE စစ်ဆေးခံရမှု
လုံးဝမရှိခဲ့ပါ။ သို့သော်လည်း စစ်ဆေးသည့်
အဖွဲ့များတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း
မှုတွဲ အစအဆုံးစီစဉ်ကူညီသူအဖြစ်
လည်းကောင်းအကြိမ်ကြိမ် ဆောင်ရွက်
ရသလို ကြီးတဲ့အမှုငယ်အောင်
PE DE အဆင့်မရောက်ဘဲ
အတတ်နိုင်ဆုံး ပျောက်ပြယ်သွားအောင်း
ကူညီနိုင်သလောက် ကူညီပေးခဲ့ရသည့်
အမှု ဖြစ်စဉ်များလည်း များစွာ တွေ့ကြုံ
ရင်ဆိုင်ခဲ့ရပါသည်။




မိမိအနေဖြင့် ကြီးသည့်အမှု
ငယ်အောင်ဆောင်ရွက်ခဲ့ရသည့်
အများစိတ်ဝင်စားနိုင်သည့်
လက်ထောက်မြို့နယ်ပညာရေးမှူးဘဝ
ပညာရေးအမှု ဖြစ်စဉ်အနည်းငယ်
အား အကျဉ်းချုပ်ဖော်ပြပါမည်။




ကျွန်တော်တို့ မြို့နယ်တွင်
လာရောက်တာဝန်ထမ်းဆောင်သည့်
မြို့နယ်ပညာရေးမှူးနှင့်ပညာရေးဌာန
လူကြီးများကြောက်သည့် ပညာရေးဝန်ထမ်း
အချို့ ရှိပါသည်။




ကြောက်ရသည်ဆိုသည်မှာလည်း
အကျင့်စာရိတ္တကောင်း၍လည်းမဟုတ်
ထူးချွန်ထက်မြက်၍လည်းမဟုတ်
လူတကာအော့ကြောလန်
မဟုတ်တာ မမှန်တာ မကောင်းတာကို
အရှက်သိက္ခာမငှဲ့ဘဲလုပ်တတ်သလို
ပညာရေးဌာန၏ ချီးထုပ်များဟုပင်
ခေါ်ရမလောက်သူများဖြစ်သဖြင့်
လူကြီးများမှာလည်း မလုပ်မရှုပ်
မပြုတ် ဟူသောအယူအဆကြောင့်
လည်းကောင်း အမှန်တရားအတွက်
အမုန်းမခံလိုသောကြောင့်လည်းကောင်း
ပြတ်ပြတ်သား မဆောင်ရွက်သောကြောင့်
ဝန်ထမ်းသက်ရှည်နေခြင်း ဖြစ်ပါသည်။





သူတို့ကိုယ်သူတို့ လုပ်ရပ်သည်
မှားရဲ့သားနှင့် အမှားဟုမယူဆဘဲ
လုပ်ချင်ရာလုပ်နေသောသူများဖြစ်ပါသည်။





ယခုပထမဆုံး တင်ပြမည့်
အမှုဖြစ်စဉ်တစ်ခုတွင်လည်း
ရောက်သည့်နေရာတွင်
အမြဲပြဿနာပေါ်သော
မဟုတ်မမှတ် မတရားအမြဲလုပ်သော
ကျောင်းလုပ်ငန်းများတွင်တာဝန်မကျေသော
လုပ်သက်၉နှစ် ကျောင်း၉ကျောင်းမျှ
ပြောင်းပေးနေရသော မူအုပ်တစ်ဦး
ဆိုင်ရာ အကြောင်းပင်ဖြစ်သည်။

မြို့နယ်အတွင်းတွင်
တိုင်းရင်းသားပေါင်းစုံနေထိုင်သဖြင့်
သူသည် လားဟူ၊အခါ၊ရှမ်း
စသည်ကျောင်းပေါင်းစုံတွင်
နေခဲ့ပြီးဖြစ်သူဖြစ်ပါသည်။

သူမှားသော်လည်း
မည်သည့်မြို့နယ်ပညာရေးမှူး
ပညာရေးဌာနအရာရှိ
အုပ်စုမှူးနယ်မြေမှူးများကိုမှ
လေးစားစွာ ဆက်ဆံခြင်း
မရှိဘဲမောက်မာသူလည်း
ဖြစ်ပါသည်။

ကျွန်တော်ဖြေရှင်းရသည့်အခေါက်တွင်
မြို့နယ်ပညာရေးမှူးက
မြို့နယ်ခြား ရန်ကုန်သို့ခရီးထွက်ခါနီး
တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး
ရပ်ရွာမှတိုင်ကြားလာသောကြောင့်
ဖြစ်ပါသည်။

မိမိစစ်ဆေးသောကျောင်းမဟုတ်သော်လည်း
အခြားစစ်ဆေးရေးအရာရှိ
တာဝန်ယူဖြေရှင်းနိုင်မည်မဟုတ်ကြောင်း
နားလည်သဖြင့် မိမိကို
တာဝန်ပေးခဲ့ခြင်းလည်းဖြစ်ပါသည်။

မိမိအနေဖြင့်အဆိုပါကျောင်းအုပ်
တာဝန်ကျသည့်ဒေသ အုပ်စုမှူး
ကျောင်းအုပ်ကြီး၊နယ်မြေမှူးကျောင်းအုပ်ကြီး
များကို လိုက်ပါစေပြီး အဆိုပါကျောင်းရှိရာ
ကေျးရွာသို့ ရောက်ရှိခဲ့ကြပါသည်။

ရပ်ရွာဒေသလူကြီးများ၊မိဘကျောင်းသားများ
အဆိုပါကျောင်းအုပ်နှင့်လက်ထောက်ဆရာဆရာမများကို
ခေါ်ယူပြီး အခြေအနေများကို
လေ့လာသုံးသပ်သည့်အခါ
အခြေအနေမှန်ဖြစ်နေပြီ
မိမိတို့ကျောင်းအုပ် အပြစ်ထင်ရှားနေသဖြင့်
မလိုလားအပ်သည့် ပြဿနာများ
မဖြစ်ပေါ်စေရေးအတွက်
နယ်မြေမှူးကျောင်းတွင်
အဆိုပါကျောင်းအုပ်အား
တွဲဖက်ထားရှိရန် အပြန်တွင်
တပါတည်းခေါ်ယူခဲ့ရပါသည်။
အဆိုပါ ပညာရေးဝန်ထမ်းသည်
ယခုအခါ မြို့နယ်ခြားပြောင်းရွှေ့
သွားသဖြင့် မိမိတို့မြို့နယ်အတွက်
မြို့နယ်က ကလေးများအတွက်
စိတ်အေးသွားခဲ့ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

လေးစားလျက် - ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်






ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...